အိန္ဒိယဈေးကွက်၌ ကွမ်းသီးဈေးနှုန်းများ မြင့်တက်

Powered by Drupal

    အိန္ဒိယနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သူများလက်ဝယ်နှင့် ဈေးကွက်အတွင်း ကုန်လက်ကျန် ပြတ်လပ်မှုကြောင့် ကွမ်းသီးဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး ကွမ်းသီးလုပ်ငန်းနယ်ပယ်၌ လုပ်ကိုင်နေကြသူများအနေဖြင့် မကြာသေးမီနှစ်များတွင် ရာသီဥတုပြောင်းလဲမှုနှင့် ခြောက်သွေ့မှု တို့မှ ကုန်ထုတ်လုပ်မှုအပေါ် သက်ရောက်ခြင်းကို ကြုံတွေ့နေရကြောင်း သိရှိရသည်။

     ကွမ်းသီးအနီမျိုး၏ ဈေးနှုန်းများမှာ တစ်လတာအတွင်း ၁၀% ခန့် မြင့်တက်လာခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့တွင် အဓိကဈေးကွက်များဖြစ်သော Channagiri နှင့် Shivamogga တို့ရှိ ကုန်စည် အဝယ်ဒိုင်များ၌ Rashi ကွမ်းသီးအနီ ၁ ကီလိုဂရမ်၏ ဈေးနှုန်းသည် အမြင့်ဆုံးဈေးအဖြစ် ၅၃၆ ရူပီး နှုန်းဖြင့် ရောင်းဝယ်လျက်ရှိသည်။ မတ်လအတွင်း ၎င်းကွမ်းသီးမျိုး၏ အမြင့်ဆုံးဈေးနှုန်းမှာ ၄၈၈ ရူပီးသာ ရှိခဲ့သည်။

    ကွမ်းသီးစိုက်ပျိုးသူများသည် လွန်ခဲ့သော လအနည်းခန့်ကပင် ၎င်းတို့၏ ထုတ်ကုန်ပမာဏ အများအပြားကို ဈေးကွက်အတွင်းသို့ ရောင်းချခဲ့ကြရာ ကွမ်းသီးအနီ ကုန်လက်ကျန်ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သည်။ လက်ရှိကာလတွင် နယ်မြေဒေသများစွာ၌ ရာသီဥတုခြောက်သွေ့မှုကို ကြုံတွေ့ နေရသဖြင့် လာမည့်နေ့ရက်များတွင် ကွမ်းသီးထုတ်လုပ်မှုအပေါ် သက်ရောက်ထိခိုက်ဖွယ်ရှိသည်။ ကာနာတကာပြည်နယ်အတွင်း ကွမ်းသီးအနီမျိုးကို အဓိကစိုက်ပျိုးထုတ်လုပ်ရာ Davangere ခရိုင်၊ Channagiri မြို့ရှိ Soolekere ရေကန်သည် ယခုနှစ်တွင် ခန်းခြောက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ဒေသ၌ ကွမ်းသီးခြံများစွာသည် စိုက်ပျိုးရေ လိုအပ်ချက်အတွက် ၎င်းရေကန်အပေါ် အမှီပြုနေရ ကြောင်း သိရှိရသည်။

    ကွမ်းသီးအဖြူမျိုး၏ ဈေးနှုန်းများမှာမူ တစ်လတာအတွင်း အနည်းငယ်မြင့်တက်ခဲ့ခြင်းမှ အပ ဈေးနှုန်းတည်ငြိမ်မှုရှိခဲ့သည်။ လက်ရှိကာလ၌ ဈေးကွက်အတွင်း ကွမ်းသီးအဖြူ အသစ်များ အား ၁ ကီလိုဂရမ်လျှင် ရူပီး ၃၆၀ နှုန်းဖြင့် လည်းကောင်း၊ ကွမ်းသီးအဖြူ အဟောင်းများကို ရူပီး ၄၄၀ နှုန်းဖြင့်လည်းကောင်း ရောင်းဝယ်လျက်ရှိသည်။ လွန်ခဲ့သော တစ်လတာကာလ၌ ကွမ်းသီး အဖြူ အသစ်နှင့်အဟောင်း ဈေးနှုန်းများမှာ ၁ ကီလိုဂရမ်လျှင် ၃၄၅ ရူပီးနှင့် ၄၁၅ ရူပီး အသီးသီး ရှိခဲ့သည်။

    ပြည်နယ်များစွာမှ သမဝါယမအသင်းများဖြင့် ဖွဲ့စည်းထားသော ကွမ်းသီးနှင့်ကိုကာ ပြုပြင်ထုတ်လုပ်မှုနှင့် ဈေးကွက်မြှင့်တင်ရေး ဗဟိုသမဝါယမလီမိတက် (Campco) သည် ၎င်း၏လုပ်ငန်းအတွက် လုပ်ငန်းအရင်းအမြစ်စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရန်အတွက် မတ်လ ၂၆ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ကွမ်းသီးဝယ်ယူရေးလုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့သည်။

    ကာနာတကာပြည်နယ်၊ Puttur မြို့မှ ကွမ်းသီးတောင်သူတစ်ဦးဖြစ်သူ Venugopal P က ကွမ်းသီးအဖြူ ဈေးနှုန်းများအား ထိန်းကျောင်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သော Campco သည် ဈေးကွက်အတွင်း ရက်သတ္တနှစ်ပတ်ခန့် ပါဝင်လုပ်ကိုင်ခြင်းမရှိသော်လည်း ကွမ်းသီးအဖြူ ဈေးကွက်မှာ တည်ငြိမ်မှုရှိနေခဲ့ကြောင်း၊ သို့ရာတွင် ဈေးနှုန်းများမှာ ကျဆင်းမှု မရှိကြောင်း ပြောဆို ခဲ့သည်။ ကွမ်းသီးအထွက်ကျဆင်းခြင်းက ဈေးကွက်၌ ကွမ်းသီးအဖြူ၏ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေခဲ့သည်။

     မကြာသေးမီနှစ်ကာလများအတွင်း ရာသီဥတုပြောင်းလဲမှုက ကွမ်းသီးစိုက်ပျိုးရာဒေသများ ၌ ကုန်ထုတ်လုပ်မှုအပေါ် သက်ရောက်ခဲ့သည်ဟု အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကွမ်းသီးစိုက်ပျိုးသူများ အသင်း၏ ဥက္ကဋ္ဌ Mahesh Puchhappady က Hindu Business Line သတင်းဌာနသို့ ပြောကြားခဲ့ သည်။ ယခုနှစ် ရာသီဥတုအခြေအနေနှင့် စပ်လျဉ်း၍ လက်ရှိကာလတွင် အချို့သော ကွမ်းသီး စိုက်ပျိုးရာဒေသများ၌ အပူချိန်သည် ၄၀ ဒီကရီဆဲလ်ဆီးယပ်၏ အထက်တွင်ရှိကြောင်း၊ ဤအခြေ အနေသည် အသီးကင်းများကို ကြွေကျမှုဖြစ်ပေါ်စေပြီး စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်စေ ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ယခင်နှစ်တွင်လည်း ကွမ်းသီးအထွက်ပမာဏ ၃၅% ခန့် ကျဆင်းခဲ့ရကြောင်းဖြင့် ၎င်းက ပြောဆိုခဲ့သည်။

    အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်ကာလအတွင်း တရားမဝင် ကွမ်းသီးတင်သွင်းမှုများကို တင်းကျပ်စွာ ထိန်းကျောင်းဆောင်ရွက်ခြင်းက ဈေးကွက်တည်ငြိမ်မှုကို အကူအညီဖြစ်စေခဲ့ပြီး ပြည်တွင်းဈေးကွက်၌ ကွမ်းသီးဈေးနှုန်းများကို မြင့်တက်စေခဲ့ကြောင်းဖြင့် Campco လီမိတက်၏ ဥက္ကဋ္ဌ A Kishore Kumar Kodgi က ပြောကြားခဲ့သည်။ အဆိုပါ လီမိတက်သည် ယခင်ကတည်း ကပင် တရားမဝင်ကွမ်းသီးတင်သွင်းမှုကို နည်းလမ်းပေါင်းစုံဖြင့် ထိန်းချုပ်ဆောင်ရွက်ရန် အစိုးရထံ ကြိမ်ဖန်များစွာ တင်ပြထားခဲ့သည်။

      အိန္ဒိယနိုင်ငံ၌ ကုန်စည်အား ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းစဉ်အပေါ် အခြေခံလျက် ကွမ်းသီးကို အနီနှင့် အဖြူဟူ၍ အတန်းအစားနှစ်မျိုးခွဲခြားထားသည်။ ကွမ်းသီးအဖြူသည် ရင့်မှည့်သော အသီးအား နေလှန်း၍ အခွံချွတ် ပြုပြင်ထားခြင်းဖြစ်ပြီး ဈေးကွက်၌ ကွမ်းသီးအဖြူ အဟောင်းသည် အသစ်ထက် ဈေးနှုန်းပိုမို မြင့်မားလေ့ရှိသည်။ ကွမ်းသီးအနီမှာမူ ကွမ်းသီးအစိမ်းကို အခွံချွတ်ပြီး ပြုတ်၍ အခြောက်လှန်းခြင်းဖြင့် ထုတ်လုပ်ခြင်းဖြစ်သည်။ ကာနာတကာပြည်နယ်ရှိ ကမ်းရိုးတန်း ဒေသများနှင့် ကီရာလာပြည်နယ်ရှိ ဒေသအချို့မှ ကွမ်းသီးအဖြူကို ထုတ်လုပ်မှုရှိပြီး ကာနာတကာ ပြည်နယ်ရှိ Shivamogga, Davangere နှင့် Chitradurga ခရိုင်များတွင် ကွမ်းသီးအနီကို အဓိက ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 29 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)