သီဟိုဠ်စေ့ဈေးနှုန်းများကို ကမ္ဘောဒီးယားကုန်သည်များက မြှင့်တင်ရောင်းချ

Powered by Drupal

     ကမ္ဘောဒီးယားသီဟိုဠ်စေ့များအသင်း (CAC) သည် သီဟိုဠ်စေ့အစို တစ်ကီလိုဂရမ်လျှင် ကမ္ဘောဒီးယား ငွေကြေး ၅၀၀၀ ရီယယ်အထိ တိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပြီး ၁၅ နှစ်တာ ကာလအတွင်း စံချိန်သစ်တင်ခဲ့ကြောင်း၊ သုံးလအတွင်း တန်ချိန် ၄ သိန်းကျော် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာသန်း ၅၀၀ ကျော်ကို တင်ပို့ခဲ့ပြီး ဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းတွင် သီဟိုဠ်စေ့အစိုဈေးနှုန်းမှာ ၄၀၀၀ ရီယယ်မှ ၄၆၀၀ ရီယယ်ကြားရှိ ကြောင်း သိရှိရသည်။

      ဗီယက်နမ်အပါအဝင် အာရှဈေးကွက်များ၌ သီဟိုဠ်စေ့များ ထုတ်လုပ်ခြင်းကို အဟန့် အတားဖြစ်စေသော ဈေးနှုန်းမတည်ငြိမ်ခြင်းသည် အယ်နီညိုရာသီဥတု အခြေအနေများကြောင့် အဓိကဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့ ကုန်ကြမ်းထုတ်လုပ်မှုပမာဏမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ တန်ချိန် ၄၇၄၀၀၀ ရှိကြောင်း CAC ဥက္ကဋ္ဌ Silot Uon က ပြောကြားခဲ့သည်။ ၎င်းပမာဏသည် ၁၃% အထိ လျော့ကျခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လမှ မတ်လအထိ ဗီယက်နမ်သို့ သီဟိုဠ်စေ့ တင်ပို့မှု စုစုပေါင်းတန်ချိန် ၄၂၄၀၀၀ ရှိခဲ့ပြီး ဝင်ငွေ အားဖြင့် အမေရိကန်ဒေါ်လာ ၅၄၃ သန်း ရရှိခဲ့ကြောင်း သိရှိရသည်။

      နိုင်ငံခြားဈေးကွက်သို့ ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့တင်ပို့မှုသည် ၂၀၂၃ ခုနှစ်၌ အမေရိကန် ဒေါ်လာ ၈၃၇ သန်းကျော်လွန်ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၀% ခန့်ကျဆင်းခဲ့ကြောင်း သိရှိရသည်။

     တိုးတက်လာသော မည်သည့် တင်ပို့မှုပမာဏမဆို ဈေးကွက်ဝင်စေရန် စီစဉ်သူများ အတွက်သာမက တောင်သူများအတွက်လည်း ကြိုဆိုရမည့်သတင်း ဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် စျေးနှုန်းအပြောင်းအလဲဖြစ်ရခြင်း၏ ဦးတည်ချက်နှင့် အနေအထားများကို စောင့် ကြည့်သွားမည်ဖြစ်ကြောင်း Kamya AgriTrade တည်ထောင်သူနှင့် ပိုင်ရှင်ဖြစ်သူ Andreas Groetschel က ပြောကြားခဲ့သည်။ အဓိကရိတ်သိမ်းရာသီမှာ မကြာမီကုန်ဆုံးတော့မည် ဖြစ်သည့် အတွက် ယခုနှစ် သီဟိုဠ်စေ့ စျေးနှုန်းတက်ခြင်းမှ အကျိုးအမြတ်များစွာမရရှိသေးသည့် တောင်သူများစွာ ရှိနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

      CAC မှ ဒုတိယဥက္ကဋ္ဌ Suy Kokthean၏ ပြောကြားချက် ယခုနှစ်သည် ထူးခြားကြောင်း၊ ပုံမှန်အားဖြင့် နှစ်တစ်နှစ်၏ ယခုအချိန်ကာလတွင် ဈေးကျလေ့ ရှိသော်လည်း ယခုနှစ်၌ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း၊ အဆိုပါအချက်သည် သီဟိုဠ်စေ့လုပ်ငန်း၌ ထုတ်လုပ်မှုကျဆင်းမှုကို ဖြစ်စေသော  အယ်လ်နီညိုအန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း တောင်သူများ အနေဖြင့် အကျိုးအမြတ်များ ရရှိလျက်ရှိကြောင်း သိရှိရသည်။ ကမ္ဘောဒီးယား သီဟိုဠ်စေ့သည် အကောင်းဆုံး ဖြစ်သောကြောင့် သီဟိုဠ်စေ့များအား ဈေးကွက်ဝင်စေရန် စီစဉ်သူများနှင့် ကုန်သည်များအနေဖြင့် အဆိုပါထုတ်ကုန်အတွက် ပစ်မှတ်စျေးကွက် သေချာစွာ သတ်မှတ်သင့်ကြောင်း သိရှိရသည်။

     သီဟိုဠ်စေ့များအသင်းအနေဖြင့် သီဟိုဠ်စေ့များရောင်းချမှုအား လျှော့ချရန် ကြိုးပမ်းမှုကြောင့် စျေးနှုန်းသိသိသာသာ မြင့်တက်လာရခြင်းဖြစ်ကြောင်း သိရသည်။ ဈေးကွက်အတွင်း လတ်ဆတ်သော သီဟိုဠ်စေ့ကုန်ကြမ်းများ ရောင်းချမှုကို ထိန်းထားနိုင်သော တစ်ကီလိုဂရမ်လျှင် ၄၀၀၀ ရီယယ်နှုန်းဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လ ပထမလဝက်တွင် သီဟိုဠ်စေ့ဈေးနှုန်း သည် တည်ငြိမ်နေခဲ့ကြောင်း သိရှိရသည်။ သို့သော်လည်း MIRARTH Agri Tech Co Ltd ၏ စီးပွား ရေးရာ စီမံကိန်းအရာရှိဖြစ်သူ Takayuki Imahashi က စျေးနှုန်း သိသာစွာ မြင့်တက်လာရခြင်း အကြောင်းအရင်းမှာ ဗီယက်နမ် ဝယ်လက်များထံမှ ဝယ်ယူသည့်နှုန်းထားများ မြင့်လာခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

      ကမ္ဘောဒီးယားနိုင်ငံအတွင်း သီဟိုဠ်စေ့များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနမှ တိုက်တွန်းထားကြောင်း Aidens Cashewsမှ မန်နေးဂျင်းဒါရိုက်တာ Francois-Xavier Richard Choquette က ပြောကြားခဲ့သည်။ သီဟိုဠ်စေ့များ ပိုမိုထုတ်လုပ်လာသည်နှင့်အမျှ ပြည်တွင်း၌ အလုပ်အကိုင်များ ပိုမိုဖန်တီးပေးလာနိုင်ကြောင်း သိရှိရသည်။ အမျိုးသားအဆင့် သီဟိုဠ်စေ့ဆိုင်ရာမူဝါဒ၏ ရည်မှန်းချက်များသည် တန်ဖိုးမြှင့် သီဟိုဠ်စေ့ထုတ်ကုန်များအား ထုတ်လုပ်မည့်သူများအတွက် အစိုးရမှထောက်ပံ့မည့် မက်လုံးများဖြစ်သည့် ထောက်ပံ့ငွေများနှင့် နှစ်ရှည်ချေးငွေများဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း သိရှိရသည်။

    သီဟိုဠ်စေ့ဈေးနှုန်းများ မြင့်တက်လာခြင်းသည် အထွက်နှုန်းလျော့ကျစေသည့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကြောင့် တောင်သူများ၏ ဆုံးရှုံးမှုများကို လျော့ပါးသက်သာ စေနိုင်သည်ဟု Handcrafted Cashew Nuts Stung Trengမှ Sothnita Soeun ၏ ပြောကြားချက်အရ သိရှိရသည်။ ဆက်လက်၍ ၎င်းတို့အနေဖြင့် သစ်တောပြုန်းတီးမှုကင်းစင်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် လိုက်လျောညီထွေရှိသည့် သီဟိုဠ်စေ့များ စိုက်ပျိုးထုတ်လုပ်ရန်အတွက် ကတိကဝတ် ပြုထားသည့် တောင်သူများ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများအား အသိအမှတ်ပြုသည့် နိုင်ငံတကာမှ သီဟိုဠ်စေ့တင်သွင်းသူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း Sothnita Soeunက ပြော ကြားခဲ့သည်။

Source: Khmer Times, 26 April, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)