တရုတ်နိုင်ငံသည် လာမည့်ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့အကြီးဆုံး ဆန်စပါးထုတ်လုပ်သူနှင့် စားသုံးသူဖြစ်သည့် တရုတ်နိုင်ငံ၏ ဒေသအချို့တွင် ကောက်စောစပါးသီးနှံများ ပျက်စီးနိုင်သဖြင့် စိုးရိမ်မှုများ မြင့်တက်လာသည်။
အဓိကစိုက်ပျိုးရာ တရုတ်နိုင်ငံတောင်ပိုင်းဒေသများတွင် မိုးသည်းထန်မှုကြောင့် စပါးခင်းများမှာ ထိခိုက်မှုရှိနေခဲ့ပြီး လာမည့် ၁၀ ရက်အတွင်း မိုးရွာသွန်းမှုသည် ပုံမှန်ထက် နှစ်ဆတိုး လာနိုင်ဖွယ်ရှိသည်။ မြေနိမ့်ပိုင်း လယ်ယာမြေများရှိ စပါးခင်းများသည် ရေလွှမ်းမိုးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး နွေဦးရာသီ သီးနှံပင်များကြီးထွားမှုကို ထိခိုက်စေနိုင်ကြောင်း တရုတ်နိုင်ငံ မိုးလေဝသဌာနက ၂၉-၄-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်စပါးထုတ်လုပ်သည့် အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှုကို ကန့်သတ်ထားချိန်၌ တရုတ်နိုင်ငံတွင် စပါးစိုက်ခင်းများ ရှင်သန်ကြီးထွားမှုအတွက် အဓိကကျသည့်အချိန် ကာလအတွင်း မည်သည့် သိသာထင်ရှားသော ထိခိုက်မှုမဆို ကမ္ဘာလုံးဆိုင်ရာ ဆန်ရောင်းလို အားအပေါ် စိုးရိမ်မှုများ မြင့်တက်စေဖွယ်ရှိသည်။ အာရှဒေသ၌ စံပြုထားသည့် ထိုင်းဆန်၏ ဈေးနှုန်းများသည် မကြာသေးမီ သီတင်းနှစ်ပတ်ဆက်တိုက်၌ မြင့်တက်လျက် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံထွက်ရှိမှု ဘေးဒုက္ခများကြောင့် ထပ်မံမြင့်တက်လာနိုင်သည်။
တရုတ်နိုင်ငံတွင် မတ်လ၌ စိုက်ပျိုးပြီး ဇူလိုင်လတွင် ရိတ်သိမ်းလေ့ရှိသော ကောက်စောစပါးမျိုးများသည် စုစုပေါင်း စပါးစိုက်ပျိုးထုတ်လုပ်မှု၏ ၁၄ ရာခိုင်နှုန်းခန့်ရှိသည်။ လယ်ယာလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေသော မုန်တိုင်းများသည် နိုင်ငံ၏ နေရာဒေသ အများအပြားသို့ ဝင်ရောက်တိုက်ခတ်မှုရှိခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကောက်ပဲသီးနှံများ ထိခိုက်ပျက်စီးနိုင်ကြောင်း တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်၌ သတိပေးခဲ့သည်။
Source: Bloomberg, April 29, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)