ပြည်တွင်းစားသုံးမှုမြင့်တက်လာသည့် မျောက်ငိုသီးအကြောင်းတစေ့တစောင်း

Powered by Drupal

မျောက်ငိုပင်ကို မလေးရှား၊ ထိုင်း၊အင်ဒိုနီးရှား၊ စင်္ကာပူ၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့မှာ အများဆုံးတွေ့ရပါသည်။ မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ချင်းပြည်နယ်တို့မှာ အများဆုံးရှင်သန်ပေါက်ရောက်သော်လည်း မြန်မာနိုင်ငံဒေသအနှံအပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင် ကြောင်း သိရှိရပါသည်။ နှစ်ရှည်ပင်ဖြစ်သည့် မျောက်ငိုပင်သည် အပူအအေး သမမျှတတသော ရာသီဥတု ကိုကြိုက်နှစ်သက်ပြီး ရေစီးရေလာကောင်းသော  နှုန်းမြေ၊ ရွှံနှုန်းမြေတွေမှာ ကောင်းစွာဖြစ်ထွန်းနိုင်ပါ သည်။ ရေလွမ်းသော မြေများတွင်လည်း စိုက်ပျိုးနိုင်ကြောင်းသိရသည်။ ယခင်က မျောက်ငိုပင်ကို အိမ်ခြံ ဝန်းထဲတွင် ၅ပင်မှ ၆ပင်ခန့်စိုက်ပျိုးကြပြီး စီးပွားဖြစ်စိုက်ပျိုးမှုမရှိသလောက် နည်းပါးခဲ့ပြီး ၊ ယခုအခါတွင် ငှက်ပျောစိုက်ခင်း၊ကော်ဖီစိုက်ခြင်းများတွင် သီးညှပ်အရိပ်ရပင်အဖြစ်လည်းကောင်း၊ မျောက်ငိုပင်သီးသန့် စိုက်ခင်းအဖြစ်လည်းကောင်း၊ စီးပွားဖြစ်စတင်စိုက်ပျိုးလာကြပြီ ဖြစ်ကြောင်းသိရှိရပါသည်။

          မျောက်ငိုပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး  အပင်အမြင့် ပေ ၅၀မှ ပေ၁၀၀ အထိရှိနိုင်ပါသည်။ သက်တမ်းရင့်ပါက ပင်စည်လုံးပတ်သည် မန်ကျီးပင်၊ ကုက္ကိုလ်ပင်လိုကဲ့သို့ ကြီးမားပါသည်။ အပင်သက် တမ်း  ၅နှစ်မှ ၇ နှစ်အတွင်း စတင်သီးဖွင့်ပါသည်။ အခိုင်လိုက်အသီးသီးပြီး တစ်ပင်လျှင် အသီးအခိုင် ပေါင်း ၅၀ မှ ၂၅၀ ခန့်ထိ သီးကြောင်း၊ တစ်ခိုင်လျှင် သီးတောင့် ၇တောင့်မှ အတောင့် ၃၀ ခန့် ထိရှိပါက သီးတောင့်တစ်တောင့်လျှင် အစေ့ ၁၀ စေ့မှ ၁၅ စေ့ခန့် အထိပါရှိကြောင်းသိရပါသည်။ တောင်ပေါ် ဒေသများတွင် သြဂုတ်လမှ စတင်၍ သီးဖွင့်လေ့ရှိပြီး  ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း အသီးများ လှိုင်လှိုင်ထွက်ရှိပါသည်။ မြေပြန့်ဒေသတွင် အသီးအပွင့် နောက်ကျလေ့ရှိကြောင်း သိရှိ ရပါသည်။

          မျောက်ငိုသီးကို အသီးနုချိန်တွင် ၎င်းအသီးအသားကို ဇွန်းဖြင့်ခြစ်၍  ဟင်းလျာများတွင် ချက်ပြုတ်စားသောက်ကြပြီး၊ အသီးအနည်းငယ်ရင့်လာပါက အသီးကို မီးဖုတ်ဿ အသားကိုခြစ်ယူကာ ချက်ပြုတ်စားသောက်ကြကြောင်းနှင့် အသီးရင့်လာပါက အသီးမှ အစေ့ကို ထုတ်ယူကကာ ဟင်းလျာ အမျိုးမျိုးပြုလုပ်စားသောက်ကြပါသည်။ အရသာအားဖြင့် မြန်မာလူမျိုးများ ကြိုက်နှစ် သက်ကြသည်။ ဒညင်းသီးနှင့််အရသာဆင်တူသည်ဟုဆိုကြပါသည်။ မျောက်ငိုသီးကို အရှေ့တောင်အာရှနိုင်ငံများ ဖြစ် သည့် မလေးရှား၊ထိုင်း၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ မြန်မာနိုင်ငံတို့တွင် ဒေသဟင်းလျာအမျိုးမျိုး ပြုလုပ်၍ ချက်ပြုတ်စားသောက်ကြပြီး အိန္ဒိယနိုင်ငံသားများကလည်း အထူးကြိုက်နှစ်သက်ကြကြောင်း သိရှိရ ပါသည်။ မျောက်သိုသီး၏ အနံအရသာသည့် ဒညင်သီး၏ အနံအရသာနှင့် ဆင်တူသော်လည်း ဒညင်းသီး ကဲ့သို့ ကျန်းမာရေးအတွက် ဆိုးကျိုးမရှိပဲ ကျန်းမာရေးအတွက် အထူးကောင်းမွန်သင့်လျော်ကြောင်း သိရှိရသည်။

          မျောက်ငိုသီး၏ ကျန်းမာရေးအကျိူးကျေးဇူးက များပြားလှသောကြောင့် အထူးကု ဆရာဝန်ကြီး ဟု တင်စားကြပြီး ပုံမှန်စားသုံးပေးခြင်းဖြင့် နှလုံး၊အသည်း၊ ကျောက်ကပ်၊ဆီးချို/ သွေးချိုရောဂါတွေကို ကာကွယ်ထိန်းညှိပေးနိုင်ကြောင်းသိရှိရသည်။ မျောက်ငိုသီးတွင် ကယ်လ်စီယမ်နှင့် ဖော့စ်ဖရပ် ပါဝင်သောကြောင့် အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ ကြွက်သားအားကောင်းစေခြင်း၊ အာရုံကြောနိုးဖွမှုပေးပို့ခြင်း၊ သွေးတိတ်နိုင်စွမ်းစသည့်  ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို အထောက်အကူဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်ထဲက ပုံမှန်ဆဲလ်တွေ့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။ သတ္တူစက်များကြွယ်ဝစွာ ပါရှိခြင်းကြောင့် အာရုံကြောစနစ်နဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်များအား အထူးကောင်းမွန်စေပြီး စိတ်ကြည်လင်လန်းဆန်းစေပါသည်။ သံဓာတ်များ ပါဝင်သောကြောင့် သွေးအားကောင်းစေပါသည်။  New England Journal of Medicine မှာ ပါတဲ့ လေ့လာချက်တစ်ခုအရ မျောက်ငိုသီးကို မကြာခဏ စားသုံးပေးပါက လေဖြတ်သေဆုံးရခြင်းအန္တရာယ်မှ ၄၀% ကင်းဝေးစေပြီး နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ကြောင်း သိရှိရပါ သည်။ မျောက်ငိုသီးတွင် အမျှင်ဓာတ်များစွာပါဝင်သည့်အတွက် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်သကဲ့သို့ သွေးချိုကိုလည်း ထိန်းညှိပေးနိုင်ကြောင်း သိရသည်။ မျောက်ငိုသီးနှင့်ပျားရည်ကို  စားသုံးပေးခြင်းဖြင့် အစာအိမ်မကောင်းသူများအတွက်လည်း အထူးသင့်လျော်ကြောင်း သိရသည်။ ထို့အပြင် ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် ခန္ဒာကိုယ်အတွင်းတစ်ရှူးများ အစားထိုး ဖြစ်ပေါ်စေခြင်း၊ ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်းတိုအတွက် အထောက်အကူပေးနိုင်ကြောင်းနှင့် မကောင်းသောကိုယ်လက်ရောဂါများကိုလည်း လျှော့ချပေးနိုင်ကြောင်း သိရှိရပါသည်။ Phenolic ဒြပ်ပေါင်းကြွယ်ဝသည့်အတွက် ဘက်တီးရီးယားများကို သေစေနိုင်ပြီး ရောဂါပိုးဝင်ရောက်ခြင်းမှ အကာအကွယ်ပေးနိုင်သကဲ့သို့  စက်တိုးဆန့်ကျင် အာနိသင်များလည်း ကြွယ်ဝစွာ ပါရှိကြောင်းကိုလည်းသိရှိရသည်။ မျောက်ငိုသီးကို စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထူးအထောက်အကူပြုစေနိုင်သော်လည်း ၎င်းတွင် အမိုင်နိုအက်ဆစ်ပါဝင်သောကြောင့် တစ်ခါတည်းနှင့်များစွာ စားသုံးရန်မသင့်ပါ၊ ၎င်းကို ရေစိမ်ထားပါက အက်ဆစ်ကိုလျော့ချပေးနိုင်သဖြင့် အချိန်အတန်ကြာရေစိမ်ထားပြီးမှ ချက်ပြုတ်ပြင်ဆင် စားသုံးသင့်ကြောင့် သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် ယခင်က မျောက်ငိုပင်များကို စီးပွားဖြစ်စိုက်ပျိုးလေ့မရှိပဲ အိမ်ခြံဝန်းထဲတွင် ၅ ပင် မှ ၁၀ ပင်ထိသာ စိုက်ပျိုးလေ့ရှိပါသည်။ ယခုအခါ မျောက်ငိုသီးစားသုံးမှုမြင့်တက်လာခြင်းနှင့်အတူ ဝယ်လိုအားကောင်းလာသဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြသည်ကို တွေ့ရှိရသည်။ စိုက်ပျိုးရာတွင် အများအားဖြင့် အစေ့မှ ပျိုးထောင်ပြီး စိုက်ပျိုးကြပြီး ကိုင်းဖြတ်ဆက်နည်း၊ အဖူးဖြုပ်နည်းတို့ဖြင့်လည်း စိုက်ပျိုးနိုင်ကြောင်း သိရသည်။ နွားချေးဆွေး၊ ဖွဲပြာ၊ မြေကြီးတိုကိုဆတူရောထားသောမြေကို ပျိုးထုပ်အတွင်း ထည့်ပြီး မျိုးစေ့ချစိုက်ပျိုးပါက အပင်ပေါက်နှုန်း၊ ရှင်သန်ကြီးထွားနှုန်း ကောင်းမွန်သည်ဟု သိရှိရသည်။ ပျိုးသက် ၁၀လမှ ၁နှစ်အတွင်း အပင်အမြင့်၃ပေခန့်ရှိလာမည်ဖြစ်ပြီး မြေဆွေးထည့်ထားသော ၂ပေ သို့မဟုတ် ၃ပေပတ်လည်ကျင်းတွင် ပျိုးပင်ငယ်ကိုထည့်သွင်း စိုက်ပျိူးနိုင်ပါသည်။ သင့်လျော်သည့်ပင်ကြားတန်းကြား အကွာအဝေးမှာ ပေ၂၀မှ ပေ၃၀အတွင်းဖြစ်ကြောင်း သိရသည်။ အပင်ရှင်သန်ကြီးထွားလာပြီး ခူးဆွတ်ရန်သင့်လျော်သော အမြင့်ရှိနေစေရန်အတွက် ကိုင်းချိုင်ခြင်း၊ ခေါင်းနှင်းပြုပြင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါက သီးကိုင်းများလာစေနိုင်ကြောင်း သိရသည်။ မျောက်ငိုပျိုး ပင်ဈေးနှုန်းမှာ ၆လမှ ၁နှစ်အတွင်း ပျိုးပင်တစ်ပင်လျှင် ၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ ဈေးရှိကြောင်းနှင့် ပျိုးပင်သက်တမ်း၊ ရောင်းချသည့်နေရာဒေသတို့ပေါ် မူတည်ပြီး ဈေးနှုန်းကွာဟချက် ရှိနိုင်ကြောင်းသိရသည်။

          မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် မျောက်ငိုသီးအစေ့ကို ဝက်သား၊  ပုဇွန်တို့ဖြင့်ချက်သော ဟင်းလျာသည် အမည်ကြီးလူကြိုက်များသော ဟင်းလျာတစ်မျိုးဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်လည်း အသီးနှင့်အစေ့ကို အမျိုးမျိုးချက်ပြုတ်စားသောက်ကြပြီး လူကြိုက်များလှသည်။ ကသည်းလူမျိုးများသည် မျောက်ငိုသီးစားပွဲတော်ကျင်းပပြီး ရိုးရာအစားအစာအဖြစ် နှစ်ခြိုက်စွာ စားသုံးကြကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူး၊ ကလေး၊ ဝဖက်ကဒေသခံများသည် မျောက်ငိုသီးကို ချက်စား၊ သုပ်စား၊ ကြော်စားရုံသာမက အရည်သောက်၊ ပန်ထွေဖျော်စသည်ဖြင့် စားသောက်လေ့ရှိပါသည်။

          မြန်မာနိုင်ငံမှထွက်ရှိသော မျောက်ငိုသီးများကို တမူးမြို့မှတဆင့် အိန္ဒိယနိုင်ငံသို့ အဓိကရောင်းချကြကြောင်းသိရသည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် တမူးမြို့ရှိ မျောက်ငိုသီးတောင့်ဈေးနှုန်းမှာ အတောင့် ၅၀ပါ မျောက်ငိုသီးတစ်စီးလျှင် အနိမ့်ဆုံး ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိဈေးပေါက်လျက်ရှိပြီး နေ့စဉ် အသီးတောင့် ၅သောင်းမှ ၁သိန်းကျော်အထိ အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ ယခင်နှစ်များတွင် ယခုနှစ်ထက် ဈေးကောင်းပိုရပြီး အရောင်းအဝယ်သွက်လက်သည်ဟု မျောက်ငိုသီး အရောင်းအဝယ်ပြုလုပ်သည့် ဒေသခံများက ပြောသည်။ မျောက်ငိုသီးစိုက်ပျိုးသူများအနေဖြင့် အသီးခူးရောင်းကြသည်များရှိသကဲ့သို့ ပွဲစားထံအပင်ဖြတ်ရောင်းချသည်များလည်းရှိသည်။ ဈေးနှုန်းဈေးကွက်နှင့်အသီးထက်နှုန်းပေါ် မူတည်ပြီး မျောက်ငိုသီးတစ်ပင်ကို တစ်နှစ်လျှင် အနိမ့်ဆုံး ၅သောင်းကျပ်မှ ၁.၅သိန်းခန့်ထိ ဝင်ငွေရှိကြောင်း တမူးဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

          ယခင်ကမျောက်ငိုသီးကို ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဒေသခံများကသာ စားသုံးကြလေ့ရှိပြီး အခြားဒေသများတွင် စားသုံးသူနည်းပါသည်။ ယခုအခါ မြန်မာနိုင်ငံအနှံတွင် မျောက်ငိုသီးကို စားသုံးလာကြပြီး မျောက်ငိုသီးဝယ်လိုအား မြင့်တက်လျှက်ရှိကြောင်း သိရသည်။ ပြည်တွင်းတွင် မျောက်ငိုသီး အသီးတောင့်ထက် မျောက်ငိုသီးအစေ့ကို ပိုမိုစားသုံးကြကြောင်း မျောက်ငိုသီးခြောက်ကို ပလပ်စတစ်ဗူးဖြင့် လေလုံအောင်ထည့်သွင်းပြီး စနစ်တကျထုတ်ပိုးကာ မြန်မာနိုင်ငံဒေသတော်တော်များများကို ပို့ဆောင်ရောင်းချလျက်ရှိကြောင်းမန္တလေးမြို့ရှိ မန်းထိပ်တန်း မျောက်ငိုသီးရောင်းဝယ်ရေးလုပ်ငန်းရှင်မှပြောသည်။ ပြင်ဦးလွင်ဒေသတွင်လည်း မျောက်ငိုသီးပင်ကို တနိုင်တပိုင်သာမက စီးပွားဖြစ် စိုက်ပျိုးနေသော ခြံများရှိကြောင်း၊ မျောက်ငိုအသီးတောင့်ကို နီးစပ်ရာမြို့များသို့ ပို့ဆောင်ရောင်းချပြီး အသီးခြောက်ကိုမူ မြန်မာနိုင်ငံအနှံ ပို့ဆောင်ရောင်းချလျှက်ရှိကြောင်း ပြင်ဦးလွင်မြို့က မျောက်ငိုသီးရောင်းချသူတစ်ဦးကပြောသည်။ မျောက်ငိုသီးခြောက်ကိုအခွံခွာပါက မျောက်ငိုသီးစေ့ရရှိပြီး အစေ့သည်လေသလပ်ပြီး အချိန်ကြာကြာထားပါက အရောင်ပြောင်းသွားတတ်ပါကြောင်း၊ သို့သော်မျောက်ငိုသီးစေ့ကို ဆားရည်စိမ်ထားပါက ကြာကြာအထားခံပါကြောင်း၊ မျောက်ငိုစေ့ဆားရည်စိမ်များကို ပလပ်စတစ်ဗူးဖြင့် သေချာထုတ်ပိုးပြီး ရောင်းချလျက်ရှိပါကြောင်း၊ Social Media တွင်လည်း   ရောင်းချလျက်ရှိရာ ဒေသတော်တော်များများကမှာယူကြပါကြောင်း၊ အဆိုပါမျောက်ငိုသီးရောင်းချသူကပြောသည်။ သို့ပါ၍ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပြီး အဟာရဓာတ်ကြွယ်ဝသည့် မျောက်ငိုသီးကို ယခင်က အိန္ဒိယပို့ကုန်တမယ်အဖြစ်သာ အဓိကရောင်းချကြပြီး ယခုအခါ ပြည်တွင်းစားသုံးမှုမြင့်တက်လာပြီး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုများလည်း ရှိနေပြီဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)