စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ   ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့်  မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာရှိ ရေလုပ်ငန်းရှင်များနှင့်ဆားထုတ်လုပ်သူ လုပ်ငန်းရှင် စုစုပေါင်း( ၁၅ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၀)မှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁) ပုဒ်မ(၂၂)(၂၃)အရ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၈) ပုဒ်မ(၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြရန် ဟောပြောဆွေးနွေးပါသည်။  ဆက်လက်၍ မြို့နယ်တာဝန်ခံကထုတ်လုပ်လျက်ရှိသော ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ မိမိတို့ဦးစီးဌာနသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်လည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအဖွဲ့များနှင့်လည်း တစ်လတစ်ကြိမ်တွေ့ဆုံ၍ ဆောင်ရွက်မှု အခြေအနေများ၊ အခက်အခဲများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆွေးနွေးတင်ပြလျက်ရှိကြောင်း၊ လုပ်ငန်းတွင်လိုအပ်သည့် နည်းပညာနှင့်ငွေကြေးအခက်အခဲများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်အားထိခိုက်မှုမရှိစေဘဲ သန့်ရှင်းဖို့လိုအပ်ကြောင်းနှင့် ထုပ်ပိုးမှုကအစ ဈေးကွက်ဝင်နိုင်စေရန် ဂရုပြုရန်လိုအပ်ကြောင်း၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်မရောက်မီ ကုန်စည်များ၊ ဈေးကွက်ရောက်ပြီး ကုန်စည်များကိုလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြမှုများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအား ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုနောက် တက်ရောက်လာသူလုပ်ငန်းရှင်များမှ သိလိုသည်များမေးမြန်းမှုအပေါ် တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့် ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)