၂၀၂၄ ခုနှစ် ပထမသုံးလ၌ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ၁၉.၄% တိုးတက်

Powered by Drupal

     ထိုင်းနိုင်ငံ၌ ဘတ်ငွေတန်ဖိုး အားနည်းလျက်ရှိခြင်းက ယခုနှစ် ပထမသုံးလပတ်အတွင်း ဆန်တင်ပို့မှုကို ယခင်နှစ်ကာလတူ၌တင်ပို့မှု တန်ချိန် ၂.၀၆ သန်းအပေါ် ၁၉.၄ ရာခိုင်နှုန်း တိုးတက် ပြီး ဆန်တန်ချိန် ၂.၄၆ သန်းအထိ ရောက်ရှိစေခဲ့ကြောင်း သိရသည်။

      ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ဆန်ပို့ကုန်တန်ဖိုးသည် ထိုင်းဘတ်ငွေ ၅၆.၇၃ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁.၆၁ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်၏ အလားတူကာလထက် ၄၉ ရာခိုင်နှုန်း တိုးတက်မှုရရှိမည်ဟု ထိုင်းဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ Charoen Laothamatas က ပြောကြားခဲ့သည်။ သို့သော် ဖေဖော်ဝါရီလတွင် ဘတ်ငွေ ၁၈.၅၃ ဘီလီယံတန်ဖိုးရှိသည့် ဆန်တန်ချိန် ၈၀၀၂၂၅ တန် တင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက မတ်လ၌ ဆန် တန်ချိန် ၇၁၆၆၁၉ တန်၊ တန်ဖိုးအားဖြင့် ဘတ်ငွေ ၁၇. ၃၃ ဘီလီယံသာ တင်ပို့နိုင်သဖြင့်  ၁၀.၄ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

    ဖေဖေါ်ဝါရီလတွင် ဟုန်မာလီဆန်မွှေး၊ ဆန်ကွဲနှင့် ပေါင်းဆန် တင်ပို့မှုသည် ဇန်နဝါရီလ ထက် လျော့နည်းခဲ့သည်။ အထူးသဖြင့် ထိုင်းပေါင်းဆန် တင်ပို့မှုမှာ ဝယ်လက်များထံမှ ဝယ်လိုအား ကျဆင်းမှုနှင့် အိန္ဒိယနိုင်ငံထံမှ စျေးနှုန်းသက်သာသော ပေါင်းဆန်များ ဝယ်ယူရရှိနိုင်မှုတို့ကြောင့် ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် တင်ပို့မှုသည် ၅၀ ရာခိုင်နှုန်းခန့် လျော့ကျမည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။ ဟုန်မာလီဆန် တင်ပို့မှုသည် မတ်လတွင် ၁၀၉၄၄၈ တန်ရှိပြီး ဖေဖော်ဝါရီလ၌ တင်ပို့မှုအပေါ် ၄.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အဆိုပါဆန်များကို အမေရိကန်၊ ဟောင်ကောင်၊ စင်ကာပူ၊ ကနေဒါ၊ တရုတ်၊ ဗြိတိန်နှင့် သြစတြေးလျစသည့် အဓိက ဈေးကွက်များသို့ တင်ပို့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    ထိုင်းပို့ကုန်လုပ်ငန်းရှင်များသည် ဂျပန်နိုင်ငံ၊ အာဆီယံနိုင်ငံများ၊ အင်ဂိုလာ၊ မိုဇမ်ဘစ်နှင့် အိုင်ဗရီကို့စ် ကဲ့သို့သော အာဖရိကနိုင်ငံများနှင့် အီရတ်ကဲ့သို့သော အရှေ့အလယ်ပိုင်း ဒေသနိုင်ငံ များရှိ ဆန်ဝယ်ယူသူများနှင့် ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ်များကို ဖြည့်ဆည်းပေးရန် ကတိကဝတ်များ ရှိနေသဖြင့် ထိုင်းနိုင်ငံအနေဖြင့် ဧပြီလ၌ ဆန်အမျိုးအစား အားလုံးကို တန်ချိန် ၈ သိန်းခန့် တင်ပို့ဖွယ်ရှိသည်။

    ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅% ပါဝင်သောဆန်ဖြူ၏ တင်ပို့မှုဈေးနှုန်းမှာ တစ်တန်လျှင် ၅၉၉ အမေရိကန်ဒေါ်လာရှိပြီး အလားတူ ဗီယက်နမ်ဆန်သည် ၅၇၉ ဒေါ်လာမှ ၅၈၃ ဒေါ်လာအကြား နှင့် ပါကစ္စတန်ဆန်သည် ၅၇၈ ဒေါ်လာမှ ၅၈၂ ဒေါ်လာအကြား ဈေးနှုန်းများဖြစ်ပေါ်လျက်ရှိသည်။ ထိုင်းပေါင်းဆန်သည် တစ်တန်လျှင် ၆၀၂ အမေရိကန်ဒေါ်လာရှိပြီး အိန္ဒိယ၏  ပေါင်းဆန်သည် ၅၃၇ ဒေါ်လာမှ ၅၄၁ ဒေါ်လာ အကြားနှင့် ပါကစ္စတန် ပေါင်းဆန်သည် ၆၀၁ ဒေါ်လာမှ ၆၀၅ ဒေါ်လာအကြား ရှိသည်။

     ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း အိန္ဒိယနိုင်ငံသည် ဆန်တန်ချိန် ၄.၃ သန်း တင်ပို့မှုဖြင့် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူအဖြစ် ရပ်တည်နေပြီး ယမန်နှစ်၏ အလားတူကာလထက် ၂၈.၁ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ၎င်း၏နောက်တွင် ထိုင်းနိုင်ငံသည် တန်ချိန် ၂.၄၆ သန်း၊ ဗီယက်နမ် နိုင်ငံသည် တန်ချိန် ၂.၁၈ သန်းနှင့် ပါကစ္စတန်နိုင်ငံသည် တန်ချိန် ၁.၉၈ သန်းဖြင့် အဆိုပါကာလ အတွင်း ဆန်တင်ပို့မှု အများဆုံးနိုင်ငံများအဖြစ် ရပ်တည်ခဲ့ကြောင်း သိရပါသည်။

Source: Thai PBS World, 4 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)