အိမ်မဲမြို့၏ ဒေသထွက်ကုန် ပုဇွန်ချဉ်

Powered by Drupal

    ရေချို ရေငန် ထွက်ကုန်မျိုးစုံ ပေါများသည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ အိမ်မဲမြို့တွင် ဒေသထွက်ကုန်အနေဖြင့် ပုဇွန်ချဉ်လုပ်ငန်းကို တနိုင်တပိုင်လုပ်ကိုင်လျက်ရှိကြပြီး ဒေါ်ခင်မာအေး၊ ဒေါ်မီးမီး၊ ဒေါ်သန်းသန်းဝင်း၊ ဒေါ်မြင့်မြင့်သန်း၊ ဦးမြသိန်း၊ ဒေါ်မြမြ၊ ဒေါ်နွယ်နွယ်၊ ဒေါ်ထွေးထွေးစသည့် တံဆိပ် အသီးသီးဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

    ပုဇွန်ချဉ် ပြုလုပ်ပုံမှာ ပုဇွန်ခေါင်းချိုးပြီးသားကို ရေနှင့်ဆေးကြောသန့်စင်၍ ရေခဲနှင့် ထားရပြီး ရေခဲရိုက် ပြီးသော ပုဇွန်များကို အခွံခွာ၍ ဇကာ (သို့) လင်ဗန်း ထဲ ဖြန့်ထားရ ပါသည်။ ဆက်လက်၍ ဖြန့်ထားသော ပုဇွန်များကို စဉ်းတီတုံးပေါ်တင်၍ နုတ်နုတ်စဉ်းပါသည်။ စဉ်းပြီးပုဇွန် ၉ ပိဿာ၊  ထမင်း (၁) ပိဿာခန့်၊ ဆားအနည်းငယ်၊ ရှာလကာရည်အနည်းငယ်၊ အရသာမှုန့် အနည်းငယ်တို့ ရောနှော ထည့်၍ သမအောင်နယ်ရမည်။ သမအောင်နယ်ဖတ်ထားသော ပုဇွန်ထမင်းနယ် အသားများအား (၁၀) ကျပ်သား အလုံးများထား၍ ဖက်ရွက်နှင့် ထုတ်ပါသည်။တစ်ညသိပ် ထားပြီးပါက နောက်တစ်နေ့ မနက်စားသုံးရန် အသင့်ဖြစ်နေသည့် ပုဇွန်ချဉ်ကို ဈေးကွက်အတွင်း ရောင်းချပါသည်။

     ပုဇွန်ချဉ်ပြုလုပ်ရန် ကုန်ကြမ်းများဖြစ်သော ပုဇွန်များကို မြို့မဈေးထဲတွင် ဝယ်ယူကြပြီး ပုဇွန်ချဉ် ထုတ်ရန် ထုပ်ပိုးပစ္စည်းဖြစ်သည့် တောင်စွန်းဖက်ရွက်ကို ဒေသတွင်း ကျေးရွာများမှ ၁ ရွက်လျှင် ၂ ကျပ်နှုန်းဖြင့် အရွက် ၁၀၀ လျှင် ၂၀၀ ကျပ်ဖြင့် မှာယူရပါသည်။ပုဇွန်ချဉ်တစ်ထုပ်လျှင် ပုဇွန်ချဉ် (၁၀) ကျပ်သားခန့်ပါရှိကာ တောင်စွန်းဖက်ရွက် ၃ ရွက်ခန့် အသုံးပြု၍ ထုပ်ပိုးရောင်းချကြောင်း သိရှိရပါသည်။

     ပုဇွန်ချဉ်ထုတ်လုပ်သည့် လုပ်ငန်းငယ်တစ်ခုတွင် ၁ရက် ပိဿာချိန် (၅) မှ (၁၀) အထိ လုပ်ကိုင်နိုင်ပြီး၊ ပိဿာချိန် (၁၀) အတွက် အထုပ်အရေအတွက် (၁၀၀) ခန့် ထွက်ရှိကြောင်း၊ ပုဇွန်ချဉ် ပိဿာချိန် (၁၀) အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် (၁၈၁၃၀၀) ကျပ်ဝန်းကျင် ခန့်ရှိ ကြောင်း၊ ပုဇွန်ချဉ်ပိဿာချိန် (၁၀) အတွက် အမြတ်ငွေ (၁၈၇၀၀) ကျပ်ဝန်းကျင်ခန့် ရရှိကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် ပုဇွန်ချဉ် (၁၀) ကျပ်သား တစ်ထုပ်လျှင် (၂၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အနေအားဖြင့် အိမ်မဲမြို့နယ် မြို့မဈေးအတွင်း ရောင်းချနေကြောင်း သိရှိရပါသည်။

    အိမ်မဲမြို့၏ ဒေသထွက်ကုန် ပုဇွန်ချဉ်လုပ်ငန်းမှာ သန့်ရှင်းလတ်ဆတ်သော အစားအစာဖြစ်ခြင်း၊ စားသုံးသူတို့အတွက် အသုံးပြုရန်သင့်တော်သော Food Colour ကိုသာ အသုံးပြု၍ အရောင်ထည့်ထားခြင်း၊ ဟင်းလျာသဖွယ် လွယ်ကူစွာ စားသုံးနိုင်ခြင်းကြောင့် သုံးစွဲသူတို့မှာ နှစ်သက်သဖြင့် ဒေသခံများအပြင် ခရီးသွားဧည့်သည်များလည်း ဒေသလက်ဆောင်အဖြစ် ဝယ်ယူသုံးစွဲမှု မြင့်တက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)