ဒေသမရွေးသည့် စီးပွားဖြစ်စပျစ်

Powered by Drupal

      မြန်မာနိုင်ငံတွင် စပျစ်ကို တိုင်းဒေသကြီး/ ပြည်နယ် အနှံ့အပြား၌ အများအပြားစိုက်ပျိုးဖြစ် ထွန်းလျက်ရှိကြောင်းသိရသည်။ စပျစ်စိုက်ပျိုးရာတွင် ကိုင်းကူး/ ကိုင်းဆက်၍ စိုက်ပျိုးနည်း၊ ပင်ထောင်စိုက်ပျိုးနည်း၊ ချုံပုတ်သဏ္ဌာန်စိုက်ပျိုးနည်းနှင့် စင်တင်စိုက်ပျိုးနည်းဟူ၍ စိုက်ပျိုး လေ့ရှိကြောင်း၊ ကိုင်းဆက်စိုက်ပျိုးခြင်းသည် အပင်ပိုမို အကြမ်းခံသည်ဟုလည်းသိရပါသည်။ အများအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စင်တင်စိုက်ပျိုးခြင်းနည်းကိုသာအသုံးပြုကြပါသည်။

      စပျစ်သည် ဖေဖော်ဝါရီလတွင် စတင်ထွက်ရှိပြီး မတ်လတွင် အသီးများလှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ စပျစ်စိုက်ဧက(၁)ဧကလျှင် ပိဿာ(၁၅၀၀)ထွက်ရှိပြီး (၁)ပိဿာလျှင် ကျပ် (၁၀၀၀၀ မှ ၁၅၀၀၀)အထိ စျေးကွက်အတွင်း ရောင်းချရကြောင်း၊ နှစ်ရှည်ပင်ဖြစ်သည့်အတွက် အရင်းအနှီးမှာ လည်းပို၍များကြောင်း၊ ခူးဆွတ်ချိန်တွင် ခြံလုပ်သား(၁၅)ဦးခန့်ခေါ်ယူခူးဆွတ်ရပြီး လုပ်အားခနှုန်းထားမှာ တစ်ဦးလျှင်ကျပ်(၈၀၀၀)နှုန်းပေးချေရကြောင်း၊ ထွက်ရှိလာသော စပျစ်သီး များအား မကွေး၊ ချောက်၊ ရေနံချောင်း၊ စလင်း၊ ပွင့်ဖြူမြို့များမှ ကုန်သည်ပွဲစားများသည် စပျစ်ခြံအရောက် လာရောက် ဝယ်ယူကြကြောင်း နတ်မောက်မြို့ရှိ စပျစ်ခြံစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

      စပျစ်သည် တစ်ကြိမ်စိုက်ပျိုးပြီး စနစ်တကျပြုစုကာ တောင်သူများနှစ်စဉ်ဝင်ငွေရရှိနိုင်သည့် အပြင်ခြံလုပ်သားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများကိုဖော်ဆောင်ပေးနိုင်ပါသည်။ စပျစ်စိုက်ပျိုးခြင်းကို အသီးစားသုံးမှုအတွက် စိုက်ပျိုးခြင်းသာမက တန်ဖိုးမြင့်ထုတ်ကုန် ဖြစ်သောစပျစ်ဝိုင်၊ စပျစ်ခြောက်၊ စပျစ်ယိုအဖြစ်ပါထုတ်လုပ်လာကြသောကြောင့် ဈေးကွက်ဝင် သီးနှံလည်း ဖြစ်သည့်အပြင် ဈေးကွက်ဝယ်လိုအားကောင်းပြီး အကျိုးအမြတ်များစွာရရှိသည့်အတွက် တိုင်းဒေသ ကြီးအတွင်းရှိ တောင်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေပိုမိုရရှိရေးအတွက် မကွေးတိုင်းဒေသ ကြီးအတွင်းရှိ ဒေသအများအပြားတွင် စပျစ်ခြံများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)