တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုကို လွှမ်းမိုးထားသည့်ထိုင်းနိုင်ငံကို ဗီယက်နမ်နိုင်ငံစိန်ခေါ်လာ

Powered by Drupal

       တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့သည့်နိုင်ငံများတွင် ထိပ်ဆုံးနေရာတွင်ရပ်တည်နေသည့် ထိုင်းနိုင်ငံသည် စိန်ခေါ်မှုများရင်ဆိုင်လာရသည်ဟု ဒူးရင်းသီးစျေးကွက်အရင်းအမြစ်အရ သိရပါသည်။ ယခုနှစ် ပထမသုံးလပတ်ကာလတွင် ဒူးရင်းသီးတန်ချိန်(၄၈၀၀၀) ကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့ပြီး အဆိုပါပမာဏထဲမှတန်ချိန်(၃၅၀၀၀)ကို ဗီယက်နမ်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ကာ ထိုင်းနိုင်ငံမှ တန်ချိန်(၁၃၀၀၀)ကိုသာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ရှင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရသိရပါသည်။ အဆိုပါဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံက တင်ပို့မှု (၄၈.၁)ရာခိုင်နှုန်းတိုးတက်လာပြီး ထိုင်းနိုင်ငံက (၅၉.၅)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ၏ တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုကျဆင်းရခြင်းမှာ မိုးခေါင်ခြင်းနှင့် ရာသီဥတုပူပြင်းသောကြောင့် ထုတ်လုပ်မှကျဆင်းသောကြောင့်ဖြစ်သည်ဟုသိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသည် ဒူးရင်းသီးတန်ချိန်(၁.၄၂)သန်းတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ (၉၂၈၆၄၄)တန်၊ ရာခိုင်နှုန်းအားဖြင့် (၆၅.၁၉)ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံထံမှ (၄၉၂၁၁၁)တန်၊ ရာခိုင်နှုန်းအားဖြင့် (၃၄.၅၅)ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံထံမှ (၃၇၇၀)တန်၊ ရာခိုင်နှုန်းအားဖြင့် (၀.၂၆)ရာခိုင်နှုန်းတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ တရုတ်နိုင်ငံဒူးရင်းသီးစားသုံးသူများ၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့၏ ယှဥ်ပြိုင်မှုကိုရင်ဆိုင်နေရကြောင်းသိရပါသည်။ တရုတ်နိုင်ငံရှိ ဒူးရင်းသီးအဓိကတင်သွင်းသူတစ်ဦးက (၂၀၂၃)မတိုင်မီတွင် ကုမ္ပဏီသည် ထိုင်းနိုင်ငံထံမှသာ ဒူးရင်းသီးများတင်သွင်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းစားသုံးသူများ၏ လိုအပ်ချက်မြင့်တက်လာမှုကြောင့် ထောက်ပံ့ရေးအရင်းအမြစ်များ တစ်နိုင်ငံမက လိုအပ်လာကြောင်း ရှင်ဟွာသတင်းဌာနကိုပြောကြားခဲ့ပါသည်။ တင်သွင်းသူတစ်ဦးကလည်း ဒူးရင်းသီးတင်သွင်းမှုမှာ ယခုအခါ ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံဟူ၍ နှစ်ပိုင်းကွဲသွားကြောင်း၊ ဗီယက်နမ်နိုင်ငံသည် သယ်ယူရသည့်လမ်းကြောင်းပိုမိုတိုတောင်းခြင်းနှင့် ကုန်ကျမှုနည်းပါးခြင်းကြောင့် ထိုင်းနိုင်ငံထက် အသာရကြောင်းနှင့် ထိုင်းနိုင်ငံသည် (၂၀၂၂)ခုနှစ်၊ စက်တင်ဘာမှစ၍ ၎င်းတို့၏စျေးကွက်ဝေစုလျော့ကျလာကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ယှဥ်ပြိုင်နိုင်စွမ်းကိုဆက်လက်ထိန်းသိမ်းရန် ၎င်းတို့တင်ပို့မည့်ဒူးရင်းသီးများ၏ အရည်အသွေး ထိမ်းချုပ်မှုအတိုင်းအတာများကို ဆက်လက်ထိန်းသိမ်းရန် ကြိုးစားသင့်ကြောင်းနှင့် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့‌ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်းသိရပါသည်။ နိုင်ငံတကာကုန်သွယ်ရေးမြှင့်တင်မှုဌာန၏ တရားဝင်ဖော်ပြချက်အရ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ထံမှ ဒူးရင်းသီးများကိုသာတင်သွင်းခွင့်ပြုကြောင်းသိရှိရပါသည်။

Source; Bangkok Post

DOCA(ရန်ကုန်)