တောင်ငူခရိုင် ဖြူးမြို့မှ တစ်ပိုင်တစ်နိုင် ဝါးခမောက်လုပ်ငန်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ကားယား ကျေးရွာရှိ ရွာသူ/ရွာသားများသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းတွင် လယ်ယာလုပ်ငန်းခွင်မှ အားလပ်ချိန်များတွင် အပိုဝင်ငွေရရှိရန်အတွက် မြန်မာ့ရိုးရာဝါးခမောက်လုပ်ငန်းကို တပိုင်တနိုင် လုပ်ကိုင်ကြကြောင်း သိရပါသည်။

     ဝါးခမောက်ပြုလုပ်ရာတွင် တစ်နှစ်ပတ်လုံး ယက်လုပ်ရောင်းချနိုင်ရန်အတွက် အဓိက လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် ဝါးခွေနှင့် ဝါးဖတ်များကို အရင်းအနှီးအများအပြားနှင့် ဝယ်လှောင်ထားရကြောင်း သိရပါသည်။ ဝါးခွေကို ပွင့်လင်းရာသီ တန်ဆောင်မုန်းလတွင် ကျပ် ၁၀ သိန်း ခန့်၊ ဝါးဖတ်ကို ကျပ် ၁၅ သိန်းဖိုးခန့်ဖြင့် ရင်းနှီးဝယ်ယူထားရကြောင်း သိရပါသည်။ အခြားလိုအပ် သောကုန်ကြမ်းများမှာ ချည်၊ ပျားဖယောင်းနှင့် လက်ပံဆူးတို့ဖြစ်ပါသည်။

   ထုတ်လုပ်သည့်ခမောက်များမှာ ကလေးဆောင်း၊ ပုံမှန်ဆောင်း၊ ဂွေနှစ်ထပ်နှင့် အော်ဒါ ရှယ် တို့ဖြစ်ပါသည်။ ခမောက်ထိပ်ဖူးတွင် လက်ပံဆူးတပ်ဆင်ရကြောင်း၊ သံဖူးတပ်ဆင်၍ ရသော်လည်း သုံးစွဲသူများက သံဖူးခမောက်ကို ကြိုက်နှစ်သက်ခြင်းမရှိကြောင်း၊ မိုးရာသီလျှပ်စီးလက်လျှင် မိုးကြိုးအန္တရာယ်ကို စိုးရိမ်ရ၍ဖြစ်ကြောင်း သိရပါသည်။

    မိသားစုလုပ်ငန်းဖြစ်သဖြင့် တစ်နေ့လျှင် ၃၅ လုံးမှ ၄၀ လုံးအထိ ပြီးစီးပါကြောင်း၊ ခမောက်များကို ဖြူးမြို့မဈေးကြီးနှင့် တောင်ဘက်တွင် ကျောက်တံခါးမြို့နယ် တောကျွဲအင်းအထိ၊ မြောက်ဘက်တွင် တောင်ငူမြို့အထိ ပို့ဆောင်ရောင်းချကြောင်း သိရပါသည်။ ၂၀၂၄ခုနှစ် မေလပထမအပတ်နှင့် ဒုတိယအပတ်အတွင်းရောင်းချသော ဈေးနှုန်းအနေဖြင့် ကလေးဆောင်း တစ်လုံးလျှင် ၁၆၀၀ ကျပ်၊ ပုံမှန်ဆောင်းတစ်လုံးလျှင် ၁၈၀၀ ကျပ်၊ ဂွေနှစ်ထပ် တစ်လုံးလျှင် ၂၅၀၀ ကျပ်နှင့် အော်ဒါရှယ်တစ်လုံးလျှင် ၂၇၀၀ ကျပ်ဖြင့် ဝါးခမောက်အရောင်းဆိုင်များသို့ ပေးသွင်း ရကြောင်းသိရပါသည်။

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် တောင်သူလယ်သမားကြီးများနှင့် လယ်ယာလုပ်သားများအတွက် ဝါးခမောက်သည် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်ပါသည်။ ညောင်ကားယားကျေးရွာမှ ထွက်ရှိသော ဝါးခမောက်များသည် လက်ရာသေသပ် ကောင်းမွန်ပြီး ကြံ့ခိုင်သောကြောင့် ဒေသတွင်း မြို့နယ်များတွင် နာမည်ရနေပြီဖြစ်သဖြင့် ညောင်ကားကျေးရွာရှိ တောင်သူဦးကြီးများ၏မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိသော ဒေသတွင်း တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)