ရခိုင်ပြည်နယ် ဖရဲစိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

Powered by Drupal

        ရခိုင်ပြည်နယ်သည် မိုး‌ရေချိန်လက်မ ၁၅၀နှင့်အထက်ရှိပြီး တောတောင်ထူထပ်ကာ မြစ်ချောင်းပေါများခြင်းကြောင့် မိုးရာသီတွင် တောင်ကျ‌ရေပြင်းကာ ရေကြီး‌ရေလျှံဖြစ်မှုကြောင့် မြေနုန်းကျွန်းပေါ် မြေနေရာပေါများခြင်းကြောင့် ရေခံ၊ မြေခံကောင်းပြီး ရာသီဥတုမျှတခြင်းကြောင်း မိုးသီးနှံနှင့် ဆောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းသောဒေသဖြစ်သောကြောင်း ပြည်တွင်းစားသုံးမှုဖူလုံ သည့်အပြင် ပြည်ပပို့ကုန်အဖြစ် ဆန်စပါးနှင့်မတ်ပဲကို အဓိကတင်ပို့လျှက်ရှိပါရာ ယခုအခါ ၎င်းသီးနှံ များအပြင် တောင်သူများအနေဖြင့် ဆောင်းရာသီတွင် လုပ်ကွက်နည်း ကုန်ကျစရိတ်သက်သာပြီး တွက်ခြေကိုက်သီးနှံဖြစ်သည့်  ဖရဲသီးနှံကိုတစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာခြင်း ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

       စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်ရှိ ရေချိုရရှိသည့် စစ်တွေမြို့နယ် ‌ဂျောဘူဂျာ၊ ကျက်တောပြင်၊ ဘောဒူဖ၊ အောင်တိုင်၊ ဗေဒါ ၊ ဒါးပိုင်၊ အောင်မင်္ဂလာကျေးရွာများ ၊ ရသေ့တောင်မြို့နယ် အောင်မ၊ အငူမော်၊ ကုန်တန်း၊ မကျည်းချောင်း၊ ကုလားချောင်း၊ မဟာမြိုင်၊ လောင်းချောင်း၊ အောင်စစ် ကျေးရွာများ၊ ပေါက်တောမြို့နယ် ဆင်တက်မော်၊ ပြိုင်တောင်၊ မြင့်ဂါ၊ မင်းဘာ၊ ကြိမ်ခွေမော်၊ နတ်တောင်ပြင်၊ ကျောက်ဆိပ်ကျေးရွာများတွင် စိုက်ပျိုးကြခြင်း၊ ယခင်နှစ်နှင့်ယခုနှစ် အလားတူ (၃)မြို့နယ်၌ ဖရဲစိုက်ဧက (၇၈၉)ဧက စိုက်ပျိုးကြောင်း သက်ဆိုင်ရာဌာနမှ သိရှိရပါသည်။ မြောက်ဦး ခရိုင်ရှိ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင်လည်း  ဖရဲအများအပြားစိုက်ပျိုးကြောင်း လေ့လာသိရှိရပါသည်။

         ဖရဲမျိုးစေ့ကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှတင်သွင်းပြီး ရန်ကုန်မှတဆင့် ကျောက်တော်မြို့နယ်မှ ဝယ်ယူရရှိပြီး ဖရဲစိုက်တောင်သူ ဒေါ်မေသန်း(အောင်မကျေးရွာ)၏ ပြောကြားချက်အရ ဖရဲ ၈၈၅ မျိုးစေ့(၅၀၀)စေ့ပါ  တစ်ထုပ်လျှင် (၃၂၅၀၀)ကျပ်၊ ဖိုးတီ မျိုးစေ့ (၅၀၀)စေ့ပါ တစ်ထုပ်လျှင် (၁၅၀၀၀)ကျပ် နှင့် မျှားနီမျိုးစေ့(၅၀၀)စေ့ပါ တစ်ထုပ်လျှင် (၁၅၀၀၀)ကျပ် နှုန်းပေးဝယ်ရကြောင်း၊ ဖရဲကို တန်ဆောင် မုန်းလဆန်းမှ တပိုတွဲလဆန်းထိ စိုက်ပျိုးကာ တပိုးတွဲလဆန်းမှ တပေါင်းလပြည့်/ လကုန်နေ့ထိ ဆွတ်ခူးရရှိကြောင်း ဖရဲစိုက်ပျိုးရာတွင်  မြေကျင်း(၃)ပေပတ်လည် အနက် (၂)ပေ ကျင်း တူး မြေဆွ၊ မြေဆွေးထည့်၊ ပေါင်းတင်၊ ရေလောင်း၊ ပိုးသတ် ဆေးဖျန်း၊ သဘာဝမြေဩဇာ ဓါတ်မြေဩဇာနှင့် ရွက်ဖြန်းအားဆေးများ ကျွေးကာ ဂရုတစိုက်စိုက်ပျိုး ရခြင်းဖြစ်ကြောင်း၊ ဖရဲတစ်ဧက စိုက်ပျိုး/ဆွတ်ခူး တင်ပို့ရောင်းချသည်ထိ ကုန်ကျစရိတ်မှာ (၉၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း လေ့လာသိရှိရပါသည်။

         ကျေးလက်ဒေသရှိ ဖရဲစိုက်တောင်သူများမှာ တပိုင်တနိုင်အနေဖြင့် (၀.၂၅)ဧက မှ (၀.၇၅)ဧက ထိသာ စိုက်ပျိုးကြောင်း၊ ဖရဲသီးထွက် တစ်ဧကလျှင် ပယ်သီးငယ်များဖယ်၍ အလတ်/အကြီး (၁၅၀၀)လုံးခန့် ဆွတ်ခူးရရှိပြီး ပျမ်းမျှဖရဲသီးတစ်လုံး လက်ကား (၁၀၀၀)ကျပ်နှင့် လက်လီ(၁၅၀၀/ ၂၀၀၀)ကျပ် ထိ ရှိ၍ ဖရဲသီးတစ်ဧကမှ အကျိုးအမြတ်(၆၀၀၀၀၀)ကျပ်မှ (၁၆၅၀၀၀၀)ကျပ်ထိ ရရှိကြောင်း၊ ဖရဲစိုက်တောင်သူ ဦးမောင်လှ (ဂျောဘူဂျာကျေးရွာ) ၏ ပြောကြားချက်အရ သိရှိရပါသည်။  စစ်တွေခရိုင် စစ်တွေမြို့နယ်မှ ဖရဲစိုက်တောင်သူများအနေဖြင့် ထွက်ရှိဖရဲသီးများကို စစ်တွေမြို့ပေါ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်သို့ လည်းကောင်း၊ ရသေ့တောင်မြို့နယ်မှ ထွက်ရှိဖရဲသီး ရသေ့တောင်မြို့ပေါ်နှင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့လည်းကောင်း၊ ပေါက်တောမြို့နယ်မှ ထွက်ရှိဖရဲသီးများအား  ပေါက်တောမြို့ပေါ်နှင့် မြေပုံ ၊ စစ်တွေမြို့နယ်များသို့လည်းကောင်း တင်ပို့ရောင်းချခြင်းဖြစ်ပြီး စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမကြီး ဘေးတွင်လည်းဖရဲသီးများကို  စင်ထိုးကာ  ရောင်းချကြကြောင်း   သိရှိရပါသည်။

          ဖရဲသီးနှံမှာ စိုက်ပျိုးရလွယ်ကူပြီး စိုက်ပျိုးစရိတ်သက်သာကာ သီးထွက်ကောင်း၍ တောင်သူများ အကျိုးအမြတ်ရရှိသဖြင့်  နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျှက်ရှိသော သီးနှံဖြစ်သည့်အတွက် တနိုင်တပိုင်မှ စီးပွားဖြစ်တိုးချဲစိုက်ပျိုးကာ ထွက်ရှိဖရဲသီးအား ဒေသတွင်း စားသုံးခြင်းနှင့် ပြည်တွင်းသာမက ပြည်ပပို့ကုန်သီးနှံအဖြစ်တင်ပို့နိုင်ရေး တောင်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် အကျိုးတူပူးပေါင်းကာ တွင်ကျယ်စွာ စိုက်ပျိုးသင့်ပါကြောင်း လေ့လာတင်ပြ လိုက်ရပါသည်။

DOCA(ရခိုင်)