ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်အသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းသည် (၁၀-၂-၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် Vegetable Oil နှင့် Cooking Oil များ တပ်ဆင်ရောင်းချနေသော စားသုံးဆီများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသော ညွှန်ကြားချက် (၁/၂၀၂၁) နှင့်ပတ်သက်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများကို မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ ခရိုင်ဦးစီးမှူးရုံးခန်းတွင် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ကုန်အညွှန်းအမှတ်သားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်သည် (၂/၂၀၁၉)ဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ပြည်စုံစွာဖော်ပြနိုင်ရေး၊ ကုန်စည်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေး၊ စားသုံးသူကာကွယ်‌ရေးဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil နှင့် Cooking Oil ) ဟူ၍ အမျိုးအမည်များတွင် ထည့်သွင်းဖော်ပြရောင်းချနေမှုနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် (၂၀-၁၂-၂၀၂၁) ရက်နေ့တွင် ညွှန်ကြားချက် (၁/၂၀၂၁)အား ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း၊ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသား တင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ဖော်ပြရမည်ဖြစ်ကြောင်း၊ ဤညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး (၆)လပြည့်မြောက်ပြီးသည့် (၂၀-၆-၂၀၂၂) ရက်နေ့မှ စတင်၍ အာဏာ သက်ရောက်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါ အချက်များအား လိုက်နာမှု မရှိပါက စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်၍ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ဆီထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များအား ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆွေးနွေးပြောကြားထားရန်လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

        ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများမှလည်း ညွှန်ကြားချက်အပေါ် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိတ္ထီလာခရိုင်အတွင်းရှိ စားသုံးဆီထုတ်လုပ်ရောင်းချသူများအား ဤညွှန်ကြားချက်ကိုဖြန့်ဝေ၍ အာဏာသက်ရောက်မည့် (၂၀-၆-၂၀၂၂) ရက်နေ့မတိုင်မီ ပြောင်းလဲ ပြင်ဆင်ထုတ်လုပ်/ရောင်းချသွားရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)