မိတ္ထီလာခရိုင်အတွင်းရှိ စူပါပန်းမုံလာ (ပန်းဂေါ်ဖီ) စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေကွင်းဆင်းလေ့လာ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် သာစည်မြို့နယ်၊နှောပင်ကျေးရွာ နှင့် ဆယ်ကြီးကျေးရွာတွင် စိုက်ပျိုးဖြစ်ထွန်းနေသော ပန်းမုံလာ(ပန်းဂေါ်ဖီ) စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

          ပန်းဂေါ်ဖီသည် ဂေါ်ဖီထုပ်ကဲ့သို့ အအေးကြိုက်သော်လည်း ဂေါ်ဖီထုပ်ထက် အပူဒဏ်ခံနိုင်ကြောင်း၊ အေး ပြီးအစိုဓါတ် အမြဲရရန်လိုအပ်ပါကြောင်း၊ တောင်ပေါ်‌ဒေသတွင် ဧပြီလ၊ မေလ၊ စက်တင်ဘာလတို့တွင် စိုက်ပျိုး၍ မြေ ပြန့်ဒေသတွင် စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြောင်း၊ ပန်းဂေါ် ဖီတွင် သက်လျင်မျိုးနှင့် သက်ကြီးမျိုးဟူ၍ ၂ မျိုးရှိရာ သက်လျင်မျိုးကို မြေပြန့်ဒေသတွင် အစိုက်များ၍ သက် ကြီးမျိုးကို တောင်ပေါ်ဒေသတွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။

          မြေပြန့်ဒေသတွင်အများဆုံးစိုက်ပျိုးသော ပန်းမုံလာ(ပန်းဂေါ်ဖီ)မျိုးများမှာ ဂျေ-၂၀၂၀၊ ဂိုလ်း(၄၅)၊ အိုးရှင်း (၅၅)၊ စူပါ (၆၅)၊ စပါးဘစ် (၇၀)၊ ဂျန်ဘို (၆၅) တို့ဖြစ်ပြီး၊ စူပါ (၆၅)နှင့် စပါးဘစ် (၇၀)ကို တောင်သူ များ ပိုမိုစိုက်ပျိုးသည်ကို တွေ့ရှိရပြီး၊ ၎င်းမျိုးများမှာ သက်တမ်း ရက် (၇၀) သာရှိ၍ မြေပြန့်‌ဒေသ ရာသီဥတုနှင့် ကိုက်ညီ၍ ပိုမို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ပန်းဂေါ်ဖီပျိုးထောင်ရာတွင် ၁၀ ပေ ၂ ပေခွဲ ရှိသောဘောင်ပြုပြင်၍ ပျိုးဘောင်ပေါ်တွင် မျိုးစေ့ညီညာစွာ ကြဲပြီးအပေါ်မှ နွားချေးမြေဆွေးများ ဖုံးအုပ်ပြီး ရေရွှဲရွှဲလောင်းပေးရကြောင်း၊ (၃-၄) ရက်ကြာလျှင် အညှောင့် ပေါက်လာပြီး ၁၂ ရက်ကြာသော် မြေဆွပေါင်းရှင်း၍ (၂၀) ရက်ကြာလျှင် ယူရီးယားမြေသြဇာ တပေါင် (၁၆ အောင်စ)  ရေဖျော်ပြီး ရေဝသည့်တိုင်အောင် လောင်းပေးရပါသည်။

          ပန်းမုံလာ (ပန်းဂေါ်ဖီ) စိုက်ပျိုးရန် တစ်ဧကလျှင် မျိုးစေ့ (၁၀၀-၁၅၀) ဂရမ် လိုအပ်ကြောင်း၊ ပျိုးသက် (၃၅-၄၀) ရက်ရောက်လျှင် ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပြီး ညနေ (၃) နာရီ နောက်ပိုင်းမှ ပြောင်းရွှေ့စိုက်ပျိုးခြင်းပြု လုပ်သင့်ကြောင်း၊ သေသောအပင်များကို (၄-၅) ရက်အတွင်း ပြန်လည် ဖြည့်စိုက်ပေးရကြောင်း၊ ထိုရက်ထက် နောက်ကျလျှင် မူလအပင်ကို မမီတော့ကြောင်း၊ ရွှေ့ပြောင်းစိုက်ပြီး (၁၀-၁၅) ရက်လျှင် အပင်ခါးဆွခြင်းကို ပြု လုပ်ပေးရ၍ စုစုပေါင်း မြေသြဇာ (၃) ကြိမ်ကျွေးရကြောင်း သိရပါသည်။

          ပထမအကြိမ် ရွှေ့ပြောင်းစိုက်ပျိုးပြီး ၇ရက်မှ ၁၀     ရက်ခန့်အကြာတွင် (၁) ကြိမ် မြေသြဇာ ကျွေးရပြီး နောက်(၁၀)ရက်ခန့်အကြာတွင် ဒုတိယအကြိမ် ကျွေးပြီး စိုက်ပြီး (၁) လအကြာတွင် တတိယအကြိမ် မြေသြဇာကျွေး ကြောင်း သိရှိရပါသည်။ ရေကို တစ်ပတ် (သို့မဟုတ်) ၁၀ ရက်လျှင် တစ်ကြိမ်ကျ သွင်းပေးရပါကြောင်း သိရှိရပါ သည်။

          အပွင့်ကောင်းစွာ ပွင့်ချိန်တွင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့်အရောင်ပြောင်းလဲသွားတတ် ပြီး စားသုံးရာတွင်လည်း အသားကြမ်း၍ အရသာခါးသက်လာကြောင်း၊ အပွင့်အချင်း (၂-၃)လက်မအရွယ် ရောက်သောအခါ အပြင်အရွက်များကို စည်းပေးရကြောင်း၊ ပန်းဂေါ်ဖီတွင် စိန်ကွက်ဖလံ၊ ပိုးနဂါးများဆိုးရွားစွာ ကျရောက်တက်၍ တမာ ပိုးသတ်ဆေးပက်ဖျန်းရကြောင်း သိရှိရပါသည်။

          ပန်းမုံလာ(ပန်းဂေါ်ဖီ)ပင်ကို ပင်ခြား (၁) ပေခွဲနှင့် တန်းခြား (၂) ပေခွဲ စိုက်ပျိုး၍တစ်ဧကအပင် (၅၀၀၀) ခန့် ဝင်ဆံစိုက်ပျိုးနိုင်ကြောင်း၊ ပန်းမုံလာ(ပန်းဂေါ်ဖီ)သည် အပင်သက်တမ်းကို လိုက်၍ (၂)လခွဲအကြာတွင် ပန်း ပွင့်ကိုစတင်ခုတ်နိုင်ကြောင်း၊ အဝေးသို့တင်ပို့ပါက အရွက် (၃-၄)ရွက် ချန်၍ ခုတ်ယူရကြောင်း၊ တစ်ဧကလျှင် ပန်းမုံလာ (ပန်းဂေါ်ဖီ) အပွင့် (၅၀၀၀)ခန့် ထွက်ရှိ၍ ခြံတွင်းစျေးနှုန်း (၁) ပွင့်လျှင် (၃၀၀) ကျပ်ရှိကြောင်းနှင့် ပန်းမုံလာ (ပန်း‌‌ဂေါ်ဖီ)များအား မိတ္ထီလာ၊မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

          ပန်းမုံလာ(ပန်းဂေါ်ဖီ) (၁) ဧက အပွင့် (၅၀၀၀) တွင် (၃၀၀) ကျပ်ဖြင့် (၁၅) သိန်း ရရှိပြီး တစ်ဧက ကုန်ကျစရိတ်မှာ (၇) သိန်းကျော်ကုန်ကျ၍ အကျိုးအမြတ်အနေဖြင့် (၈) သိန်းခန့် အကျိုးအမြတ်ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် တောင်သူများအနေဖြင့် ယခုကဲ့သို့ အကျိုးအမြတ်ရှိသော ရာသီသီးနှံများကို ရွေးချယ်စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(မန္တလေး)