အိန္ဒိယပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ ညီမျှမှုမရှိပဲ လိုအပ်ချက် ဖြစ်ပေါ်မှုကြောင့် ပဲမျိုးစုံ ဈေးနှုန်းများသည် သီးနှံရာသီအသစ်၌ စိုက်ပျိုးထွက်ရှိမှုမှ ဈေးကွက်သို့ စတင်ဝင်ရောက်လာမည့် အောက်တိုဘာလအထိတိုင်အောင် ဆက်လက်မြင့်တက်ပြီး စားသောက် ကုန်ဈေးနှုန်းများ ဖောင်းပွမှုအပေါ် ဖိအားများသက်ရောက်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုလျက်ရှိကြသည်။
ဈေးနှုန်းများ တည်ငြိမ်မှုရှိအောင် အစီအမံများစွာကို ချမှတ်ဆောင်ရွက်လျက်ရှိသော်လည်း ပဲစင်းငုံ၊ ကုလားပဲနှင့် မတ်ပဲတို့၏ ဈေးနှုန်းများ မြင့်မားနေခြင်းက အစိုးရအတွက် စိုးရိမ်ဖွယ်ကိစ္စ တစ်ရပ်ဖြစ်ပေါ်လျက်ရှိသည်။
ယခုနှစ် ဧပြီလ၌ ပဲမျိုးစုံကဏ္ဍတွင် ဈေးနှုန်းဖောင်းပွမှုမှာ ၁၆.၈% ရှိပြီး ပဲစင်းငုံ၌ ၃၁.၄%၊ ကုလားပဲတွင် ၁၄.၆% နှင့် မတ်ပဲ၌ ၁၄.၃% အသီးသီး ဈေးနှုန်းဖောင်းပွမှု ဖြစ်ပေါ်ခဲ့သည်။ ပဲမျိုးစုံ ဈေးနှုန်းများ၏ စားသောက်ကုန်ဈေးနှုန်းဖောင်းပွမှု၌ အလေးပေးပါဝင်မှုမှာ ၆% ရှိပြီး စားသုံးသူ ဈေးနှုန်းဖောင်းပွမှု တစ်ရပ်လုံးကို လွှမ်းခြုံတွက်ချက်ရာတွင် အလေးပေးပါဝင်မှုမှာ ၂.၄% ရှိသည်။ အိန္ဒိယတစ်နိုင်ငံလုံး၏ စားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုသည် မတ်လ၌ ၈.၅% ရှိရာမှ ဧပြီလ တွင် ၈.၇% သို့ မြင့်တက်ခဲ့သည်။
အိန္ဒိယနိုင်ငံရှိ Baroda ဘဏ်မှ စီးပွားရေးရာအကြီးအကဲ Madan Sabnavis က သီးနှံအသစ်များသည် အောက်တိုဘာလမှ စတင်၍သာ ဈေးကွက်သို့ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ယခင်နှစ်တွင် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းခဲ့သဖြင့် ယင်းကာလမတိုင်မီ၌ ကုန်လက်ကျန် မှာ နည်းပါးမည်ဖြစ်ပြီး ဈေးနှုန်းများအပေါ် ဖိအားသက်ရောက်လိမ့်မည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ဂဏန်းနှစ်လုံးအဆင့်အထိ ရှိနေသော ပဲမျိုးစုံဈေးနှုန်းဖောင်းပွမှု သဘောတရားကို မုတ်သုံရာသီ၏ ဖြစ်ပေါ်တိုးတက်မှုက တွန်းထုတ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
India Ratings & Research မှ အကြီးတန်းသုတေသီဖြစ်သူ Paras Jasrai ကလည်း ပဲမျိုးစုံ ဈေးနှုန်းဖောင်းပွမှုသည် ဂဏန်းနှစ်လုံးဖြစ်ပေါ်နေခဲ့သည်မှာ ၁၁ လကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခု ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် ကုန်ဆုံးမည့်အချိန်တိုင် လျော့ပါးသက်သာဖွယ် မရှိကြောင်း၊ အကယ် ၍ မုတ်သုံရာသီသည် အထောက်အကူမဖြစ်ခဲ့ပါက ပဲမျိုးစုံဈေးနှုန်းဖောင်းပွမှုသည် ကာလရှည်ကြာ စွာ ဆက်လက်တည်ရှိနေနိုင်ကြောင်းဖြင့် ပြောဆိုခဲ့သည်။ ရှေ့လာမည့် ပဲမျိုးစုံရာသီ၌ အဓိက အားဖြင့် ပဲစင်းငုံနှင့်မတ်ပဲတို့ကို မုတ်သုံလေ စတင်ဝင်ရောက်ပြီးချိန် ဇွန်-ဇူလိုင်လများတွင် စိုက်ပျိုး မည်ဖြစ်ပြီး မတ်ပဲကို အောက်တိုဘာ-နိုဝင်ဘာလများ၌ လည်းကောင်း၊ ပဲစင်းငုံကို ဇန်နဝါရီလတွင် လည်းကောင်း ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ ပဲတီစိမ်း အပါအဝင် အခြားသောပဲများမှာမူ မိုးသီးနှံနှင့် ဆောင်းသီးနှံတို့၏ ကြားကာလ၌ စိုက်ပျိုးခြင်းဖြစ်ပြီး ၎င်းပဲများထုတ်လုပ်မှုမှာ ဈေးနှုန်း များအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုဖြစ်စေနိုင်သည့် ပမာဏမဟုတ်ကြောင်း အိန္ဒိယ ပဲခွဲစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Suresh Agarwal က ပြောဆိုသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းစားသုံးမှုမှာ ထုတ်လုပ်နိုင်စွမ်းကို ကျော်လွန်လျက်ရှိရာ ပြည်ပမှ တင်သွင်းခြင်းဖြင့် လိုအပ်ချက်ကို ဖြည့်ဆည်းနေရသည်။ စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်း မြင့်တက်မှုနှင့်အတူ နှစ်စဉ် ပြည်တွင်း ပဲမျိုးစုံစားသုံးမှုမှာလည်း တန်ချိန် ၂၈ သန်းခန့်သို့ တိုးတက်လာချိန်၌ အိန္ဒိယ၏ ၂၀၂၂-၂၃ ခုနှစ် သီးနှံရာသီတွင် ပဲမျိုးစုံထုတ်လုပ်မှုမှာ တန်ချိန် ၂၆.၀၅ သန်းခန့်သာရှိခဲ့သည်။
လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း အိန္ဒိယ၏ ပဲစင်းငုံနှင့်မတ်ပဲ ထုတ်လုပ်မှုမှာ ကျဆင်း လာခဲ့ပြီး အစိုးရအနေဖြင့် သွင်းကုန်အပေါ် ကန့်သတ်ချက်များကို ဖြေလျှော့မှုပြုခဲ့ကြောင်း၊ ယခင် နှစ်၌ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့အား ၂၀၂၄ ခုနှစ် မတ်လအထိ အကောက်ခွန်လွတ် တင်သွင်း ခွင့်ပြုသည့် မူဝါဒကို ချမှတ်ကျင့်သုံးခဲ့ပြီး နောက်ပိုင်းတွင် ၂၀၂၅ ခုနှစ် မတ်လအထိ သက်တမ်း တိုးမြှင့်ခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အစောပိုင်း၌ စားတော်ပဲကို ၂၀၂၄ ခုနှစ် မတ်လအထိ အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုခဲ့ပြီး ၎င်းအစီအမံအား ဇွန်လအထိ သက်တမ်း တိုးခြင်းကိုလည်း ဆောင်ရွက်ခဲ့ရကြောင်း Economic Times သတင်းဌာနက ဖော်ပြထားသည်။
Source: Economic Times, 20 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)