
ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်း ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုမှာ စံချိန်တင်ထွက်ရှိခဲ့ပြီး အအေးခန်းသိုလှောင်ရုံများ၌ ထားရှိနိုင်မည့်ပမာဏထက် ကုန်ဝင်ရောက်မှု ပိုလျှံနေသဖြင့် ကြက်သွန်နီ တင်သွင်းခွင့် တားမြစ်ပိတ်ပင်ထားခြင်းကို ဇူလိုင်လအထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Francisco Tiu Laurel Jr. က ၂၀-၅-၂၀၂၄ နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
ယခင်နှစ်၌ ဈေးနှုန်းများမြင့်မားခဲ့မှုဖြစ်ပေါ်ခဲ့ရာ ဖိလစ်ပိုင်တောင်သူများသည် ယခုနှစ်တွင် ကြက်သွန်နီကို ပိုမိုတိုးချဲ့စိုက်ပျိုးခဲ့ပြီး ထုတ်လုပ်မှုတိုးတက်မည့် အခြေအနေကို ခန့်မှန်းလျက် ဖိလစ်ပိုင်အစိုးရသည် ယခုနှစ်ဇန်နဝါရီလမှစတင်၍ မေလအထိ ပြည်တွင်းသို့ ကြက်သွန်နီ တင်သွင်းခွင့်အား ပိတ်ပင်ထားရှိခဲ့သည်။
ပြည်တွင်းဈေးကွက်၌ ယခုနှစ်တွင် ကြက်သွန်နီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ယခင် နှစ်ကထက်ပင် ဈေးနှုန်းနိမ့်ကျမှုရှိကြောင်း၊ Balintawak ဒေသ၌ ကြက်သွန်နီ အနီလုံး၏ ဈေးနှုန်း မှာ ၁ ကီလိုဂရမ်လျှင် ပီဆိုငွေ ၆၀ မှ ၇၀ အတွင်းနှုန်းထားနှင့် ကြက်သွန်နီ အဖြူလုံးသည် ၁ ကီလို ဂရမ်လျှင် ပီဆို ၆၀ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ လတ်တလော နီးကပ်သည့် အနာဂတ် ကာလ၌ ကြက်သွန်နီတင်သွင်းခွင့်ပြုရန် မည်သည့်အကြောင်းအရင်းမျှမရှိကြောင်းဖြင့် အတွင်းဝန် Tiu Laurel က ပြောကြားခဲ့သည်။
မနီလာမြို့တော်ရှိ ဈေးကွက်များတွင် ၁၇-၅-၂၀၂၄ နေ့၌ ကြက်သွန်နီ အနီလုံး ၁ ကီလိုဂရမ် လျှင် ပီဆို ၇၀ မှ ၁၆၀ ကြားနှင့် ကြက်သွန်နီ အဖြူလုံး ၁ ကီလိုဂရမ်လျှင် ပီဆို ၆၀ မှ ၁၃၀ ကြား ဈေးနှုန်းများဖြင့် လက်လီရောင်းချမှုရှိကြောင်း၊ ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်ခဲ့သော စံချိန်တင် မြင့်မားမှုရှိသည့် ၁ ကီလိုဂရမ်လျှင် ပီဆို ၁၆၀ မှ ၂၀၀ အကြား ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက လက်ရှိ ကြက်သွန်နီဈေးနှုန်းများသည် ၇၀% ခန့် ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုမှာ ပထမသုံးလပတ် ၌ တန်ချိန် ၂၀၁၀၀၀ တန်ရှိပြီး ဒုတိယသုံးလပတ်တွင် တန်ချိန် ၁၇၀၀၀၀ ခန့်ထွက်ရှိနိုင်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက ခန့်မှန်းထားသည်။ ထိုသို့ ပထမနှစ်ဝက်ကာလအတွင်း၌ပင် ကြက်သွန်နီ တန်ချိန် ၃၇၀၀၀၀ ကျော်ထုတ်လုပ်နိုင်ပါက ပြည်တွင်း၌ နှစ်စဉ်စားသုံးရန် လိုအပ် သည့် ပမာဏထက် ပိုလျှံမှုရှိသော အမြင့်ဆုံးထုတ်လုပ်မှုအဖြစ် သမိုင်းတွင်မည်ဖြစ်သည်။ အလေ အလွင့်ဖြစ်ပေါ်သည့် ပမာဏ အပါအဝင် ဖိလစ်ပိုင်နိုင်ငံ၏ နှစ်စဉ် ကြက်သွန်နီ စားသုံးမှုမှာ တန်ချိန် ၂၇၀၀၀၀ မှ ၃၀၀၀၀၀ အတွင်းရှိသည်။
၂၀၂၄ ခုနှစ် မေလ ၁၀ ရက်နေ့ရှိ စာရင်းများအရ ဖိလစ်ပိုင်ပြည်တွင်း၌ အအေးခန်း သိုလှောင်ရုံများတွင် ကြက်သွန်နီ အနီလုံး ၁၈၀၆၈၀.၄၇ တန်၊ အဝါရောင် ကြက်သွန်နီ ၃၃၂၈၂ တန်နှင့် ရှဲလော့ ကြက်သွန်နီအလုံးသေး ၇၂.၅ တန် ကုန်လက်ကျန်ရှိကြောင်း The Philippine Star သတင်းဌာနက ဖော်ပြထားသည်။
Source: The Philippine Star, 21 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)