ဈေးကွက်ရေရှည် တည်တံ့ဖို့ ခရမ်းချဉ်သီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်စို့

Powered by Drupal

       အပူပိုင်းဒေသဖြစ်သောမုံရွာနယ်တွင် ခရမ်းချဉ်သီးကို မိုးအကုန်ဆောင်းအကူးတွင် အဓိကထား စိုက်ပျိုးကြခြင်းဖြစ်၍ စက်တင်ဘာလမှစပြီး ဖေဖော်ဝါရီလအလွန်ဆုံးထား စိုက်ပျိုးကြပါသည်။ ထို့ကြောင့် နှစ်စဉ် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် ဒေသစိုက်ထွက်ရှိမှုမရှိဘဲ ရှမ်းပြည်အင်းသီးများဝယ်ယူသုံးစွဲရပြီး ဈေးနှုန်းအမြင့်ဆုံးအချိန်ဖြစ်ပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၊ ဒီဇင်ဘာလတုန်းက တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ထိ ဝယ်ယူစားသုံးခဲ့ရာက ဇန်နဝါရီလတွင် ၁၅၀၀ ကျပ်၊ ယခင်ပတ်က ၁၀၀၀ ကျပ်ခန့်မှ ယခုလက်ရှိ ခရမ်းချဉ်သီး ရွာဈေးက ၃၀၀ ကျပ်သာရှိပါတော့သည်။ မြို့ဈေးတွင်းလက်လီဝယ်စားရင်တော့ ၇၀၀ ကျပ်ပေးရသည်။ ရွာဈေး ၃၀၀ ကျပ်ရသည့်တောင်သူတွင် ခူးဆွတ်ခ ၄၀ ကျပ်နှင့် အခင်းမှရွာအရောက်သယ်ယူစရိတ် ၁၅ကျပ်ဖြစ်၍ တစ်ပိဿာလျှင် ၅၅ ကျပ် လတ်တလောကုန်ကျပြီးမှ ရသည့်ဈေးဖြစ်ရာ ၂၄၅ ကျပ်သာရသည့်သဘောဖြစ်ပါသည်။ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်က (၁၀)သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် အပင်ရေ(၅၀၀၀) ခန့်ဖြင့် ခူးဆွတ်သက်တမ်း ၂လခွဲအတွင် တစ်ပင်လျှင်၂ပိဿာခွဲခန့် ထွက်ရှိသဖြင့် တစ်ဧကအထွက်နှုန်း ပိဿာချိန် (၁၂၅၀၀) ကျော်ထွက်ရှိကြောင်းသိရပါသည်။ တစ်ပိဿာလျှင် ၈၀ ကျပ်ရင်းနှီးထားပြီး ၁၃၅ ကျပ်တွင် အရင်းကျေရုံဈေးသာဖြစ်ပါသည်။ ယခုလက်ရှိ ၃၀၀ ကျပ်ရပါက စိုက်ပျိုးချိန်နှင့် ခူးဆွတ်ချိန် (၆)လအတွက် ကျပ်သိန်း(၂၀)ကျော် အကျိုးအမြတ်ရရှိသည်ဟု တွက်ချက်နိုင်ပါသည်။ အထွက်နှုန်းပိုမို ထွက်ရှိသူများ၊ အမြင့်ဈေးမီသူများကတော့ ပိုမိုမြတ်စွန်းနိုင်ပါသည်။

          ယခင်နှစ် ဒီအချိန်မှာ တစ်ပိဿာ(၅၀)ကျပ်ထိဈေးနှုန်းကျဆင်းခဲ့၍ ခူးဆွတ်ခြင်းမပြုတော့ဘဲ အရှုံးခံခဲ့ကြရသည်။ လွန်ခဲ့သောနှစ်များကလည်း စိုက်ပျိုးစရိတ်ရှုံးသည့်အခြေအနေများဖြစ်လေ့ဖြစ်ထ ရှိခဲ့သည့်။ အမြတ်များသည့်နှစ်များလည်းရှိပြီး ကျွမ်းကျင်နေသည့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်သဖြင့် တောင်သူများကတော့ စိုက်ပျိုးနေမြဲဖြစ်ကြပါသည်။ မုံရွာမြို့နယ်တွင်း ချင်းတွင်းမြစ်ကျွန်းထဲရွာများတွင် ဧကပေါင်း(၂၅၀၀)ခန့်စိုက်ပျိုးမှုရှိပြီး အခြားဒေသအဝေးတင်ဈေးကွက်များရှိကြသည်။ ကျားခြေရာခေါ် ဗမာသီးကို ဒေသတွင်းသုံးစွဲရန်သာစိုက်ပျိုးပြီး၊ ရန်ကုန်နှင့် အခြားဒေသတင်ပို့ရန် အင်းသီးကဲ့သို့ ထိုင်ဝမ်သီးကို အဓိကထားပိုမိုစိုက်ပျိုးသည်။ မုံရွာနယ်နှင့်ထွက်ရှိသည့်အချိန်တူညီကြသည့် ရှမ်း၊ မိတ္ထီလာ၊ ပြည်ဘက်က အထွက်များလို့ အဝေးဈေးကွက် တင်ပို့ရမှုနည်းပါးလျှင် ဈေးနှုန်းပိုမိုကျဆင်း ကြောင်းတွေ့ရပါသည်။

ကုန်ဈေးနှုန်းများမြင့်တက်ခြင်းသည် ကမ္ဘာတဝန်းဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံသည် အခြေခံစားရေရိက္ခာအတွက်မပူရသောနိုင်ငံဖြစ်ကြောင်း သတင်းများမှာလည်း ဖော်ပြလျက်ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာသော်လည်း ထွက်ရှိသည့်သီးနှံက ဈေးကောင်းမရရင် စိုက်ပျိုးတောင်သူများနစ်နာဆုံးရှုံးရသည်။  ဝယ်လိုအားဈေးကွက်ထက် ရောင်းလိုအားစိုက်ပျိုးထုတ်လုပ် မှုက ပိုမိုများပြားနေပါက ဈေးနှုန်းကျဆင်းခြင်းသည် ဖြစ်ပေါ်နေမည်သာဖြစ်ပါသည်။ စားဖိုဆောင်သီးနှံ များဖြစ်သော ကြက်သွန်နီနှင့် ခရမ်းချဉ်သီးဈေးကွက်သည် ထွက်ကုန်ပေါများလွန်းသည့်နှစ်နှင့် ဈေးကွက် တင်ပို့ရမှုနည်းသည့်နှစ်တွင် ဈေးကျဆင်းနေတတ်တော့ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ကြဖို့ အကြံပြု တိုက်တွန်းကြတာ တွေ့ရပါသည်။ မလုပ်ဖူးတာကို လုပ်ဖို့ လက်တွေ့ကျအခက်အခဲတွေ့ရမှာစိုးရိမ်တဲ့ စိုက်ပျိုးတောင်သူများကတော့ သူတို့တတ်ကျွမ်းတဲ့ စိုက်ပျိုးထုတ်လုပ်တာကလွဲလို့ တန်ဖိုးမြှင့်ထုတ်လုပ်ဖို့ စိတ်ဝင်စားမှု၊ လုပ်လိုမှုမရှိတာတွေ့ရတဲ့အတွက် စားသောက်ကုန်ထုတ်လုပ်မှုကို စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်များလိုအပ်ကြောင်းတွေ့ရပါသည်။

သီးနှံအခြေခံ စားသောက်ကုန် တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းများရှိပြီး လေ့လာနိုင်ကြပါသည်။ ခရမ်းချဉ်သီးကို ယိုထိုး၊ ဆော့ချဉ်၊ ခရမ်းချဉ်သီးအနှစ်၊ ဖျော်ရည် စသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သော်လည်း အခက်အခဲတွေရှိနေပါသည်။

        နည်းပညာပိုင်းမှာ အခြေခံလုပ်နည်းကိုသိရှိပြီး တနိုင်တပိုင်လုပ်တာအဆင်ပြေပေမယ့်  စီးပွားဖြစ်လုပ်တော့မယ်ဆိုရင် စက်ပစ္စည်းစုံစမ်းတပ်ဆင်ဖို့၊ ကောင်းမွန်သည့်အရသာထပ်တူညီဖို့၊ တာရှည်ခံဖို့၊ ဘေးအန္တရယ်ကင်းဖို့၊ သေချာထုတ်ပိုးဖို့၊ အဆင့်ဆင့်စနစ်တကျဆောင်ရွက်တတ်ဖို့ နည်းပညာလိုအပ်လာပါသည်။ ခရမ်းချဉ်သီးအစေ့ကိုဖယ်ထုတ်သန့်စင်ရခြင်းသည် ခက်ခဲကြောင်း၊ အရသာကိုကောင်းအောင်ထုတ်နိုင်ရင်တောင် အနံ့ကို စားချင့်စဖွယ် မွှေးကြိုင်သောအနံ့ဖြစ်အောင် ထုတ်လုပ်ရန် ခက်ခဲကြောင်းသိရှိရပါသည်။

         အရင်းအနှီးပိုင်းတွင် တောင်သူအများစုမှာ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်တောင်အနိုင်နိုင်မို့ တန်ဖိုးမြှင့်ထုတ်လုပ်ဖို့ငွေထပ်မရင်းနိုင်တော့ပါ။  စီးပွားရေးလုပ်ငန်းရှင်ကတော့ သေချာတွက်ချက်ပြီး အမြတ်အစွန်းရနိုင်မှ ဒီကဏ္ဍမှာရင်းနှီးမြှုပ်နှံမှာမို့ မမြတ်နိုင်လို့ဟုယူဆရပါသည်။ တန်ဖိုးမြှင့် ထုတ်ကုန် စက်ရုံများကို နိုင်ငံတော်က ရင်းနှီးမြှုပ်နှံတည်ဆောက်ပေးခြင်းဖြင့် ပံ့ပိုးပေးခြင်းနည်းရှိပေမယ့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီလျက်ရှိရာ စီးပွားရေးပတ်ဝန်းကျင်ကောင်းကိုဖန်တီပေးခြင်းနည်းဖြင့်သာ ဝင်ရောက်စွက်ဖက်ပေးခြင်း ရှိပါသည်။

          စက်ရုံလုပ်သားရရှိရေးကဏ္ဍမှာ နယ်များတွင် မြို့လိုလခစားအလုပ်ထက် နေ့စားအလုပ်ကို ပိုမိုလုပ်ကိုင်လိုသည့်လုပ်သားများဖြစ်နေခြင်းနှင့် ကျွမ်းကျင်မှု၊ ယုံကြည်စိတ်ချရမှု၊ လုပ်ခလစာသင့် တော်မှုရှိဖို့လိုအပ်ခြင်း အခက်အခဲများရှိနေပါသည်။ အလေ့အထပိုင်းအနေနဲ့ မြန်မာတို့က အခြောက်များ၊ အဆင်သင့် အနှစ်များ၊ စည်သွပ်ဗူးများ စားသောက်သည့်ဓလေ့၊ ခရမ်းချဉ်ဆော့သုံးစွဲသည့်ဓလေ့ သိပ်မရှိသေးဘဲ လတ်လတ်ဆတ်ဆတ်ကိုပဲ အချိန်ပေးချက်ပြုတ်စားသောက်သည့် အလေ့အထရှိနေသည့်အတွက် စားသုံးသူတို့၏ ယုံကြည်မှု၊ နှစ်သက်သဘောကျမှု ရရှိရေးအတွက် လိုအပ်မည်ဖြစ်ပါသည်။

        ဈေးကွက်ကြီးကြီးမားမားရှိရေးအပိုင်းသည် အဓိကဖြစ်ပါသည်။  ပြည်တွင်းဖြစ်ကို အားပေးချင်သည့်စိတ်ရှိသူများသည်ပင် ဈေးနှုန်းနှင့်အရည်အသွေးကို နှိုင်းယှဉ်တွက်ချက်ကြမည်ဖြစ်သည်။ ဈေးကွက်မှာ လူသုံးများနေသော ပြည်ပထုတ်ကုန်စည်များ (ဥပမာ-ခရမ်းချဉ်ဆော့ဗူးများ) ၏ ဈေးကွက်ကို ယှဉ်ပြိုင်ထိုးဖောက်နိုင်အောင်ကြိုးစားရပါမည်။

         အချိန် ၄လခန့် စိုက်ပျိုးရုံဖြင့် ရရှိမည့် တစ်လုံးတည်းအကျိုးအမြတ်ထက် ပိုမိုတွက်ခြေကိုက်ခြင်း၊ အချိန်၊ ငွေကြေး၊ လူအင်အားရင်းနှီးထားရတာနဲ့ ရရှိတဲ့အကျိုးအမြတ်က ပိုမိုတွက်ခြေကိုက်ခြင်း၊ သီးနှံကို ကုန်ကြမ်းအတိုင်းရောင်းချတာထက် အလုပ်အကိုင် အခွင့်အလမ်းများပေးနိုင်မည့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရောင်းချဖို့ တိုက်တွန်းလျက်ရှိပါသည်။ ခရမ်းချဉ်သီးပေါများစွာ ထွက်ရှိပြီးဈေးနှုန်းကျဆင်းချိန် ဝယ်ယူခြင်းဖြင့် ထုတ်လုပ်သူများအတွက်လည်း ကုန်ကြမ်းဈေးနှုန်းသက်သာ၊ စိုက်ပျိုးတောင်သူမျာအတွက်လည်းအဆင်ပြေသည့် အခြေအနေဖြစ်သဖြင့် အဆိုပါ အခက်အခဲများကိုကျော်လွှားနိုင်ကြပြီး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ ပိုမိုတိုးပွားလာပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။

DOCA(စစ်ကိုင်းတိုင်းဒေသကြီး)