ဗေဒါရိုးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချ၍ ဝင်ငွေများရရှိ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ၊ တံခွန်တိုင်ရွာတွင် ဗေဒါရိုးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချကြောင်းသိရပါသည်။ ထိုလုပ်ငန်းကို နွေရာသီ၌လုပ်ကိုင်ပြီး မိုးရာသီတွင် အလုပ်နားကြောင်းသိရပါသည်။ မိုးရာသီတွင် လုပ်ငန်များနားရခြင်းမှာ နေပူလှန်း၍မရခြင်း၊ မှိုတက်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ ဗေဒါထုတ်ကုန်ပစ္စည်းများထုတ်လုပ်ပုံမှာ ဗေဒါကိုအခြောက်လှမ်းပြီး ဗေဒါအလယ်ရိုးကိုထုတ်ယူ၍ ကြိုးကျစ်ပြီး လိုချင်သောလူအသုံးအဆောင်ပစ္စည်းများကို ပြုလုပ်ကြပါသည်။ ထိုလုပ်ငန်းကို မိသားစုတစ်နိုင် တစ်ပိုင်အပြင် စီးပွားဖြစ်လည်းထုတ်လုပ်ရောင်းချသဖြင့် အလုပ်သမား(၁၉)ဦးဖြင့် လုပ်ကိုင်ကြောင်းသိရပါသည်။ ဗေဒါရိုးဖြင့်ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများမှာ ဦးထုပ်၊ ဖိနပ်၊ လက်ကိုင်အိတ်၊ လက်ဆွဲခြင်းနှင့်ဖျာတို့ဖြစ်ပါသည်။ ထိုပစ္စည်းများအနက် ဦးထုပ်၊ ဖိနပ်၊ လက်ကိုင်အိတ်နှင့် လက်ဆွဲခြင်းတို့ကို လိုချင်သောဆေးရောင်များဖြင့်ခြယ်ကာ လှပအောင်၊ ရောင်းတန်းဝင်အောင်ပြုလုပ်ကြသော်လည်း၊ ဖျာတစ်မျိုးတည်းကိုသာ သဘာဝအရောင်ဖြင့်ပြုလုပ်၍ ရောင်းချကြပါသည်။ ရောင်းချသောဈေးကွက်များမှာ အင်းမမြို့၊ တိုက်ကြီး၊ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့တို့သို့ တင်ပို့ရောင်းချကြပါသည်။ ဈေးနှုန်းအနေဖြင့် ဦးထုပ်တစ်လုံးလျှင် ၄၅၀၀ကျပ်၊ လက်ဆွဲခြင်းတစ်ခြင်းလျှင် ၇၅၀၀ကျပ်၊ လက်ကိုင်အိတ်အသေးတစ်လုံးလျှင် ၁၀၀၀၀ကျပ်၊ လက်ကိုင်အိတ်အကြီးတစ်လုံးလျှင် ၁၅၀၀၀ကျပ်၊ ဖျာတစ်ချပ်လျှင် ၅၅၀၀ကျပ်၊ ယောကျ်ားစီးဖိနပ်တစ်ရံလျှင် ၈၅၀၀ကျပ်၊ မိန်းမစီးဖိနပ်တစ်ရံလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။

         ထို့ကြောင့် ကန်ထဲ၊ မြစ်ထဲ၌ အလေ့ကျပေါက်ရောက်သော အမှိုက်အဖြစ်လွှင့်ပစ်စရာမလိုဘဲ လူအသုံးအဆောင်ပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချပြီး မိသားစုအပိုဝင်ငွေအပြင် လုပ်ငန်းများတွင် ပိုမိုတွင်ကျယ်စွာထုတ်လုပ်လာနိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိလာနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်လာနိုင်မည်ဆိုပါက နိုင်ငံခြားအထိ တင်ပို့ရောင်းချနိုင်လျှင် နိုင်ငံခြားဝင်ငွေများလည်းရရှိလာနိုင်သောကြောင့် "အမှိုက်ထဲက ရွှေ" ဟု တင်စားလိုက်ရပါသည်။

DOCA(ပဲခူး)