ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံဈေးနှုန်းများ အနည်းငယ်ကျဆင်းလာ

Powered by Drupal

      ၂၀၂၄ခုနှစ်၊ မေလကုန်တွင် ပြည်ခရိုင်တွင် ဆီထွက်သီးနှံဖြစ်သော နှမ်းဈေးနှုန်းနှင့် မြေပဲဆန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာခဲ့ပါသည်။ နှမ်းသီးနှံမှာ ဈေးကွက်တွင် လက်ကျန်မရှိသလောက်နည်းပြီး အရောင်းအဝယ်ပါးကာ မြေပဲဆန်မှာလည်း ယခုအချိန်တွင် ဝင်ရောက်မှုနည်းသွား၍ ဆီစက်လုပ်ငန်းရှင်သမားများက ဆီကြိတ်ရန်အတွက် မိမိတို့လှောင်ထားသော မြေပဲဆန်ကိုသာထုတ်၍ ဆီကြိတ်နေရကြောင်းသိရပါသည်။ ဆီထွက်သီးနှံဈေးနှုန်းများကျဆင်းလာသော်လည်း ဆီဈေးမှာ အကျမရှိဘဲ ဆက်လက်ငြိမ်သက်နေသည်ကိုတွေ့ရပါသည်။ ယခုမေလလကုန်ပတ်တွင် မိုးများစွာရွာသွန်းနေ၍ အရောင်းအဝယ်အနေဖြင့် အေးပြီး ဈေးနှုန်းမှာလည်း ယခင်ဧပြီလကုန်ပတ်နှင့်ယှဉ်လျှင် ဈေးအနည်းငယ်ကျဆင်းလာသည်ကိုတွေ့ရပါသည်။ မေလ လကုန်ပတ်တွင် ဆီထွက်သီးနှံဈေးနှုန်းများအနေဖြင့် နှမ်းနီ(၃)တင်းဝင် တစ်အိတ်လျှင် ၃၁၅၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင် တစ်အိတ်လျှင် ၃၉၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းဝင် တစ်အိတ်လျှင် ၃၉၉၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး မြေပဲဆန်ဆီကြိတ်ဆန်(အဖြူ) တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ဆီကြိတ်ဆန် (အနီ)တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ၆၈၀၀ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့်ရောင်းချနေကြောင်းသိရပါသည်။ ဆီဈေးများအနေဖြင့် နှမ်းဆီတစ်ပိဿာလျှင် ၁၅၅၀၀ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)