စားသုံးဆီမဟုတ်သော ဝါစေ့ဆီကြမ်း

Powered by Drupal

          မြန်မာနိုင်ငံတွင် စားသုံးဆီထုတ်ယူရန်အတွက် ဆီထွက်သီးနှံအုပ်စုဟု သတ်မှတ်ထားသော မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်း နှင့် ပန်းနှမ်း စသည့်အပင်များမှ ထုတ်လုပ်ရရှိသော စားသုံးဆီများ အပြင် ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီ၊ ဖွဲနုဆီ၊ ကနိုလာ (မုန်ညင်း)ဆီ နှင့် ပြောင်းဖူးစေ့ဆီ များကို ဟင်းချက်ရာတွင်ဖြစ်စေ၊ ဆီစိမ်းအတိုင်းဖြစ်စေ၊ အိုးကပ်ကြော်၊ နှစ်ကြော်ရန် အတွက်ဖြစ်စေ အမျိုးမျိုး အဖုံဖုံအသုံးပြုလျက်ရှိကြပါသည်။

          ထို့ပြင် မြန်မာနိုင်ငံ၏ အချို့ဒေသများ၌လည်း မိမိတို့ဒေသအတွင်း စိုက်ပျိုးထားသော ဆီထွက်ပင်များဖြစ်သည့် မုန်ညင်း၊ ရှမ်းနှမ်း၊ တမာ၊ အုန်း၊ ကြက်ဆူနှင့် ကမ်းဇော် စသည့်အပင် ထွက်ဆီများကို ဆေးဖက်ဝင်လိမ်းဆေးဆီအဖြစ်လည်းကောင်း၊ ဆပ်ပြာကဲ့သို့ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်းကောင်း အသုံးပြုကြသော်လည်း ဝါစေ့ဆီကိုမူ အကြော်ခံဆီ အမည်တပ်ကာ စားသုံးဆီအဖြစ် အကြော်အလှော်လုပ်ငန်းများတွင် အသုံးပြုနေကြောင်း ကြားသိ နေရပါသည်။

          မြန်မာနိုင်ငံတွင် ဝါပင်ကို အဝတ်အထည်ရက်လုပ်ရန် ဝါဂွမ်း၊ ချည်မျှင်အတွက်အဓိကထား၍ စက်မှုလုပ်ငန်းသုံးသီးနှံအုပ်စုဝင်အဖြစ် သတ်မှတ်စိုက်ပျိုးကြပါသည်။ ဝါဂွမ်းဆွတ်ယူ၍ ဝါဖန်သည့် အခါ ဘေးထွက်ပစ္စည်းအဖြစ် ဝါစေ့ကို ရရှိခြင်းဖြစ်ပြီး ၎င်းတွင်ဆီပါဝင်မှု ရာခိုင်နှုန်း ၄၀ မှ ၄၅ ထိရှိပါသည်။

          ကမ္ဘာတွင် ဝါစေ့ဆီသုံးစွဲလာသည့် သမိုင်းကြောင်းကိုပြန်ကြည့်လျှင် စက်မှုတော်လှန်ရေး ဖြစ်ပွားနေသည့် ကာလအတွင်း၌ ဥရောပတွင် လူဦးရေ တိုးတက်လာမှုနှုန်းမြင့်တက်လာ ခြင်းနှင့်အတူ ယင်းကာလတွင် ဖြစ်ပွားသော စစ်ပွဲများ၏ အကျိုးဆက်များကြောင့် ဥရောပတွင် ဆီနှင့်အဆီ (Oils and Fats) ပြတ်လပ်မှုနှင့် ကြုံတွေ့ခဲ့ရပြီး ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့၍ လူအများစုမှာ ချက်ပြုတ်ရန်နှင့် မီးအိမ်အသုံးပြုရန် အခက်ကြုံခဲ့ရပါသည်။ ၎င်းအခက်အခဲကို အမေရိကန်စွန့်ဦးတီထွင်လုပ်ငန်းရှင်များက အခွင့်ကောင်းယူကာ ၁၈၅၇ ခုနှစ်တွင် ဝါစေ့ကို အခွံ (hull) နှင့် အဆံ (kernel) ခွဲခြားပြီး အဆံကို ကြိတ်ချေကာ ဆီထုတ်ယူ၍ မီးအိမ်အတွက် အသုံးပြုရန်ဆီ (illumination purposes in lamps) အဖြစ် ဥရောပသို့ တင်ပို့ရောင်းချခဲ့ပါသည်။ ဤရောင်းချမှုသည် ၁၈၅၉ တွင် ဓာတ်ဆီထုတ်လုပ်သောလုပ်ငန်းများ ပေါ်ပေါက်လာသောကြောင့် အဆုံးသတ်ခဲ့ရပါသည်။ တစ်ဖန်ဝါစေ့ဆီကို အခြားအဆီများနှင့်ရောနှောပြီး ရောင်းချခဲ့သောကြောင့် စည်းမျဉ်းဥပဒေများဖြင့် တားဆီးခဲ့ရပြီး ဆပ်ပြာနှင့် မီးတိုင်လုပ်ငန်းများတွင်သာ ဆက်လက် တွင်ကျယ်နေခဲ့ရပြန်သည်။ လျှပ်စစ်မီးသုံးစွဲမှုကျယ်ပြန့်လာခြင်းကြောင့် မီးတိုင်လုပ်ငန်းများရပ်ဆိုင်း သွားပြန်ရာ ဝါစေ့ဆီ ထုတ်လုပ်သောလုပ်ငန်းရှင်များ အခက်ကြုံခဲ့ကြရပြန်သည်။ ထို့ကြောင့် ၁၉၁၁ မှစ၍ ဝါစေ့ဆီကို စားသုံးဆီအဆင့်အထိ ရောက်ရှိစေရန် နည်းပညာသုံး၍ တစ်ဆင့်မြှင့်တင်ခဲ့ကြရာ နှစ်ပေါင်း ၃၀ ကျော်ကြာပြီးနောက်ပိုင်းတွင် အမေရိကန်၌ စတင်ကျော်ကြားလာခဲ့ရပြန်သည်။ ထို့နောက် ၁၉၄၄ မှစတင်၍ အမေရိကန်တွင် ပဲပုပ်စေ့ဆီထုတ်လုပ်လာသောကြောင့် ၂၀ ရာစု နောက်ပိုင်း ကာလအထိ ဝါစေ့ဆီထုတ်လုပ်မှု ကျဆင်းလာခဲ့ရပြန်သည်။

          အဆိုပါ သမိုင်းဖြစ်စဉ်အရ ဝါစေ့ဆီကို ကြိတ်ချေရုံဖြင့် ရရှိသောဆီကြမ်းကို မီးထွန်းရန်၊ ဆပ်ပြာချက်ရန်တို့၌သာ အသုံးပြုပြီး ၎င်းဆီကြမ်းကို နည်းပညာသုံး၍ ပြန်လည်ပြုပြင်ပြီးသော ဆီချောကိုသာ စားသုံးရန် (edible) အဆင့်သတ်မှတ်ကြောင်း တွေ့ရှိနိုင်ပါသည်။

          ဆီကြမ်းအဆင့်မှ စားသုံးဆီအဆင့်သို့ရောက်ရှိစေရန် ဆီသန့်စင်ခြင်းနည်းစဉ် (oil refining process) ကို အသုံးပြုရသည်ဖြစ်ရာ ဆီကြမ်းတွင်ပါရှိလာသည့် အချဉ်ဓာတ်၊ အချွဲဓာတ်၊ အရောင် ဆိုး၊ အနံ့ဆိုးတို့နှင့်အတူ အနည်အနှစ်များနှင့် အငွေ့ပျံနိုင်သောပစ္စည်းများကို ဖယ်ထုတ်နိုင်မှသာ လျှင် သန့်စင်ကြည်လင်သော စားသုံးဆီကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အချွဲချွတ်ခြင်း (Degumming)၊ အချဉ်ချွတ်ခြင်း (Neutralization) နှင့် အအေးခံ၍ အခဲစစ်ထုတ်ခြင်း (Winterization) ဟူသော ဆီသန့်စင်ခြင်းနည်းစဉ်ကို ပြီးပြည်စုံအောင် ဆောင်ရွက်မှသာ finished Product ဖြစ်သည့် စားသုံးရန်အဆင့်ကို ‌ရောက်ရှိနိုင်ပါသည်။

          စားသုံးဆီအဆင့်သို့ရောက်သည်အထိ သန့်စင်ပြီးသော ဝါစေ့ဆီတွင် မပြည့်ဝဆီ ၇၀% နှင့် ပြည့်ဝဆီ ၂၆% တို့ ပါဝင်ဖွဲ့စည်းထားပြီး ၎င်း၏ မီးလောင်မှတ် (Smoke Point) မှာ ၂၁၆ ဒီဂရီစင်တီဂရိတ်ရှိပါသည်။ မီးလောင်မှတ်မြင့်သော ဆီဖြစ်သည့်အားလျော်စွာ စားသောက်ဖွယ်ရာ များ ကြော်လှော်ရန်အတွက် ကောင်းမွန်သည့် ဆီအမျိုးအစားဖြစ်သောကြောင့်လည်း တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘရာဇီး၊ အမေရိကန်၊ တူရကီ၊ ဥဇဘက်ကစ္စတန်နှင့် သြစတြေးလျနိုင်ငံများ၌ ဝါစေ့ဆီကို စားသုံးဆီအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။

          ဝါစေ့တွင် ပိုးသတ်ဆေးကဲ့သို့ အာနိသင်ရှိသည့် အရောင်ပေးဒြပ်ပေါင်းတစ်ခုဖြစ်သော ဖီနော (phenol) အုပ်စုဝင် ဂေါ်ဆီပေါ(Gossypol) သည် သဘာဝအတိုင်း ပါရှိနေရာ ၎င်းသည် ဝါစေ့ဆီ ကြမ်းအဆင့်တွင်လည်း ပျောက်ပျက်မသွားဘဲ ပမာဏတစ်ခုဖြင့် ပါဝင်နေလေ့ရှိပါသည်။ စားသုံးဆီ အဆင့်ထိရောက်အောင် သန့်စင်ပြီးမှသာလျှင် ၎င်းဓာတ်ပစ္စည်းကို ဖယ်ရှားလျှော့ချနိုင်မည်ဖြစ်ပါ သည်။

          မြန်မာနိုင်ငံတွင် ဝါစေ့ဆီထွက်ရှိရာဒေသများအနက်မှ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံခရိုင်တို့မှ ဝါစေ့ဆီနမူနာများကို သုတေသနပြုလုပ်ခဲ့ရာတွင် ထိုဝါစေ့ဆီများ သည် Finished Product မဟုတ်ဘဲ အချဉ်ဓာတ်ချွတ်ထားသောဆီ (Neutralized Oil)  များသာ ဖြစ်သောကြောင့် Semi-Product အဆင့်ဖြစ်ပြီး စစ်ဆေးချိန်တွင် ဆီသားပျက်စီးမှုပင် ဖြစ်ပေါ်နေ ကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့ပြင် မြေပြင်အခြေ အနေတွင်လည်း ဝါစေ့ဆီကြမ်းကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံထုတ် စက်မှုလုပ်ငန်းသုံး ကော့စတစ်ဆိုဒါများဖြင့် အရောင်ချွတ်ကြပြီး ၁၂ နာရီခန့် အနေထိုင်စေကာ အပေါ်ယံဆီ အကြည်ကိုခပ်ယူ၍ ကုန်ချောအဖြစ် ရောင်းချနေကြောင်း၊ ၎င်းကို စားအုန်းဆီနှင့်လည်းကောင်း၊ နှမ်းဆီနှင့်လည်းကောင်း ရောစပ်၍ ရောင်းချနေကြောင်း၊ နှမ်းဆီရနံ့ ထည့်၍လည်း နှမ်းဆီအဖြစ်ရောင်းချနေကြောင်း ကြားသိနေရပါသည်။

          ဤကဲ့သို့ စားသုံးရန်အဆင့်မရောက်သေးသော ဝါစေ့ဆီကို စားသုံးဆီအဖြစ် နှစ်ကာလ ကြာရှည်စွာ စားသုံးနေသူများသည် ဂေါ်ဆီပေါလ်ဒြပ်ပေါင်း၏ အာနိသင်ကြောင့် အမျိုးသားများတွင် မျိုးမအောင်ခြင်း (infertile) နှင့် အမျိုးသမီးများတွင် ဓမ္မတာမမှန်ခြင်း (amenorrhea- absence of menstruation) တို့ ဖြစ်ပေါ်လာနိုင်ကြောင်းကို ၁၉၂၉ ခုနှစ်တွင် လေ့လာတွ့ရှိခဲ့ပါသည်ဟု မှတ်သားဖူးရာ မည်သည့်ဆီအမျိုးအစားဖြင့် ကြော်လှော်ထားမှန်း မသိသော အသင့်စားအစားအစာ များနှင့် ကြွပ်ကြွပ်ရွရွအကြော်အလှော်များကို နှစ်သက်စွာ စားသုံးနေကြသည့် စားသုံးသူပြည်သူများ အတွက် များစွာအန္တရာယ်ရှိလှပါသည်။

          သို့ပါ၍ အရည်အသွေးမပြည့်မီသော စားသုံးရန်အဆင့်မဟုတ်သော အမျိုးအမည်မဖော်ပြနိုင် သည့် အကြော်ခံဆီ (ဆီကြမ်း) များကြောင့် လူဖြစ်ရှုံးရသည့် အန္တရာယ်မှကာကွယ်နိုင်ရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားပြီး FDA ထောက်ခံချက်ပါသော သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးထားသည့် စားသုံးဆီများကိုသာ သုံးစွဲကြပါရန်နှင့် စားသုံးဆီ မဟုတ်သော ဝါစေ့ဆီကြမ်းများ ကို Finished Product အဖြစ် ဆက်လက်ဆောင်ရွက်ပြီးမှသာ စားသုံးဆီအဖြစ် အသုံးပြုကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

ITQM