ထိုင်းကော်ဖီဈေးကွက်၌ စားသုံးသူများ၏ လူနေမှုပုံစံဖြင့် လည်ပတ်လျက်ရှိသော ပြည်တွင်းစားသုံးမှုနှင့် တင်ပို့ရန်ပြုပြင်ထုတ်လုပ်မှုတို့ တိုးတက်လျက်ရှိကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံအနေဖြင့် ကော်ဖီထုတ်ကုန်များအား တန်ဖိုးမြင့်စေသည့် အဓိကအားသာချက် တစ်ခုအဖြစ် ကော်ဖီစေ့ကုန်ကြမ်းများမှတစ်ဆင့် ကော်ဖီကုန်ချောများအဖြစ် ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရန်အတွက် အလားအလာရှိကြောင်း ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ် Poonpong Naiyanapakorn ၏ ပြောကြားချက်အရ သိရသည်။
ထိုင်းကော်ဖီဈေးကွက်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်း ၈.၅၅% ဖြင့် ကြီးမားလာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် စျေးကွက်တန်ဖိုးအနေဖြင့် ဘတ် ၃၄.၅ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး၂၀၂၂ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇.၃၄% တိုးတက်ခဲ့သည်။ အဆိုပါ စုစုပေါင်း တန်ဖိုးအနက် အသင့်သောက်ကော်ဖီမှုန့်သည် ဘတ် ၂၉ ဘီလီယံဖြင့် ပြည်တွင်းဈေးကွက်၏ ၈၄% ခန့်ကို ရယူထားကြောင်း၊ လတ်ဆတ်သောကော်ဖီသည် ဈေးကွက်တန်ဖိုး ၅.၅၂ ဘီလီယံရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၆% ရှိကြောင်း သိရှိရသည်။
ထိုင်းကော်ဖီဈေးကွက်၏ တိုးတက်မှုကို အထောက်အပံ့ပေးသည့် အကြောင်းအရင်းများတွင် အရွယ်ရောက်ပြီး စားသုံးသူများ၏ ၀ယ်လိုအားနှင့် အဖျော်ယမကာ သောက်သုံးရန် လွယ်ကူမှုကို ရယူလိုသည့် လူနေမှုပုံစံတို့ ပါဝင်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပူအိုက်သော ရာသီဥတုသည် ကော်ဖီအေး၊ အသင့်သောက်ကော်ဖီနှင့် ပုလင်းသွင်း အသင့်သောက်ကော်ဖီ တို့အတွက် စျေးကွက်ကို မောင်းနှင်ရာတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း Mr Poonpong ၏ ပြောကြား ချက်အရ သိရသည်။
သို့သော်လည်း စားသုံးသူအချို့သည် လတ်ဆတ်သောနှပ်ကော်ဖီအရသာနှင့် ထိုကဲ့သို့ ကော်ဖီဖျော် သောက်သုံးရသည့် ပတ်ဝန်းကျင်ဓလေ့စရိုက်ကို နှစ်သက်ကြကြောင်း၊ ဤအချက်က ကော်ဖီလုပ်ငန်းနယ်ပယ် တိုးတက်မှုကို အထောက်အပံ့ပြုကြောင်း၊ အဆိုပါ မတူကွဲပြားသည့် ကဏ္ဍများသည် ကော်ဖီလုပ်ငန်းရှင်များအား ၎င်းတို့၏ စားသုံးသူများနှင့်ပတ်သက်သည့် စားသုံးမှု ဆိုင်ရာ အလေ့အထများကို လေ့လာစေလျက် စားသုံးသူများ၏ ၀ယ်လိုအားနှင့်အညီ လိုက်လျော ညီထွေဖြစ်အောင် ၎င်းတို့ကိုစွမ်းဆောင်နိုင်စေကြောင်း Mr Poonpong က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်၌ ကော်ဖီတန်ချိန် ၁၆၅၇၅ တန် ထုတ်လုပ်ခဲ့ပြီး ၎င်းပမာဏ တွင် အာရေးဗီးကားကော်ဖီ ၄၈.၂% နှင့် ရိုဘတ်စတာကော်ဖီ ၅၁.၈% ပါဝင်ကြောင်း၊ ထိုင်းနိုင်ငံ၏ ကော်ဖီတင်သွင်းမှုသည် ၂၀၁၉ ခုနှစ်မှ စတင်တိုးတက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ယခင်နှစ် တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထက် ၁၂.၉% ပိုမိုလျက် ဒေါ်လာ ၃၃၈ သန်း အထိ တိုးတက်ခဲ့ကြောင်း၊ ကော်ဖီစေ့ ကုန်ကြမ်းတင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၁၈၅ သန်း (၆၂၁၇၁ တန်)၊ လှော်ထားသောကော်ဖီစေ့တန်ဖိုး ဒေါ်လာ ၂၇.၆ သန်း (၁၆၄၇ တန်) နှင့် အသင့်ဖျော်ကော်ဖီ တန်ဖိုး ဒေါ်လာ ၁၂၆ သန်း (၁၅၉၄၇ တန်) အသီးသီးပါဝင်ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း ကော်ဖီတင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၇၆.၃ သန်းရှိပြီး ၎င်းအနက် ကော်ဖီစေ့ကုန်ကြမ်းသည် ဒေါ်လာ ၃၁.၂ သန်း၊ လှော်ထားသောကော်ဖီသည် ဒေါ်လာ ၆.၁၅ သန်းနှင့် အသင့်ဖျော်ကော်ဖီသည် ဒေါ်လာ ၃၈.၉ သန်း တန်ဖိုးရှိကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံသည် ပြည်တွင်းစားသုံးရန်နှင့် အသင့်ဖျော်ကော်ဖီအဖြစ် တင်ပို့ရန်အတွက် ကော်ဖီစေ့ ကုန်ကြမ်းအမြောက်အမြားကို တင်သွင်းလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ထိပ်တန်း အသင့်ဖျော်ကော်ဖီတင်ပို့သည့်ဈေးကွက်မှာ ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင်တို့ ဖြစ်ကြသည်။ ထိုင်းနိုင်ငံသည် ဗီယက်နမ်မှ ကော်ဖီစေ့ကုန်ကြမ်းများကို အများဆုံး တင်သွင်းပြီး အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့မှလည်း တင်သွင်းကြောင်း သိရှိရသည်။
ထိုင်းကော်ဖီတင်ပို့မှုမှာ ၂၀၂၁ ခုနှစ်မှစ၍ ချဲ့ထွင်လာခဲ့ပြီး ၂၀၂၂ ခုနှစ်၌ ဒေါ်လာ ၁၀၉ သန်း တင်ပို့မှုရှိရာမှ ၁၅.၆% တိုးမြင့်လျက် ၂၀၂၃ ခုနှစ်တွင် ၁၂၆သန်း သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ ကော်ဖီအမျိုးအစားအလိုက် တင်ပို့မှုအနေဖြင့် အသင့်ဖျော်ကော်ဖီတင်ပို့မှုမှာ ဒေါ်လာ ၁၂၁ သန်း၊ လှော်ထားသောကော်ဖီစေ့သည် ဒေါ်လာ ၂.၇၅ သန်းနှင့် ကော်ဖီကုန်ကြမ်းသည် ဒေါ်လာ ၂.၂၀ သန်း အသီးသီး တန်ဖိုးရှိကြောင်း သိရှိရသည်။
ယခုနှစ် ပထမသုံးလပတ်တွင် ထိုင်းနိုင်ငံ၏ ကော်ဖီတင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၃၄.၂ သန်း ရှိပြီး အသင့်ဖျော်ကော်ဖီသည် ဒေါ်လာ ၃၂.၇သန်း၊ လှော်ထားသောကော်ဖီစေ့သည် ဒေါ်လာ ၁.၂၄ သန်းနှင့် ကော်ဖီကုန်ကြမ်းသည် ဒေါ်လာ ၂၁၀၀၀၀ ပါဝင်ကြောင်း သိရှိရသည်။
Source: Bangkok Post, 4 June, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)