တောင်ငူခရိုင်အတွင်းရှိ အခြေခံစားကုန်လက်လီလက်ကားရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များအား အသိပေးရှင်းလင်းဆွေးနွေး ပွဲကို ၂၀၂၄ခုနှစ် ဇွန်လ ၁၁ ရက်နေ့ နေ့လယ်( ၁၄:၀၀ ) နာရီက တောင်ငူမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ကျင်းပြုလုပ်ပါသည်။
ရှေးဦးစွာ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ယခင်က အခြေခံစားကုန်လက်လီလက်ကားရောင်းချသူများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကုန် စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံရန် လိုအပ်သကဲ့သို့ စားသုံးကုန်ပစ္စည်းများကို အရေးကြီး ကုန်စည်များအဖြစ်သတ်မှတ်ထားပါသဖြင့် ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုရန်လည်း တားမြစ်ထားပါကြောင်း၊ အထူးသဖြင့် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသူများအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီရောင်းချရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားပါသည်။
ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးမြင့်သူက ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များ ဖော်ပြခြင်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကိုလည်းကောင်း၊ ရည်ညွှန်းဈေးဖြင့် ဝယ်ယူ ရရှိသော စားအုန်းဆီများအား သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ရောင်းချနိုင်ရေးကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။
တက်ရောက်လာသည့် အခြေခံစားကုန်လက်လီလက်ကားရောင်းချသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲ သို့ တောင်ငူခရိုင်မှ အခြေခံစားကုန်လက်လီလက်ကားရောင်းချသူ ၂၈ ဦးတက်ရောက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)