၂၀၂၄ခုနှစ်၊ ပထမ(၅)လတွင် တရုတ်နိုင်ငံ၏ကုန်သွယ်မှု ၆.၃ရာခိုင်နှုန်းမြင့်တက်လာ

Powered by Drupal

    ၂၀၂၄ခုနှစ်၊ ပထမ(၅)လတာကာလတွင် တရုတ်နိုင်ငံ၏ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏစုစုပေါင်းသည် ယွမ်၁၇.၅ဘီလီယံ(အမေရိကန်ဒေါ်လာ ၂.၄၆ထရီလီယံ)ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် ပထမ(၅)လတာကာလထက် ၆.၃ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များ၏ ဖော်ပြချက်အရသိရပါသည်။ ပြည်ပသို့တင်ပို့မှုပမာဏမှာ ယွမ်၉.၉၅ထရီလီယံဖြင့် ၆.၁ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပြည်တွင်းသို့တင်သွင်းမှုမှာ ယွမ်၇.၅၅ထရီလီယံဖြင့် ၆.၄ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအဖွဲ့၏ ကိန်းဂဏန်းအချက်အလက်နှင့် လေ့လာစိစစ်ချက်ဌာန၏ ညွှန်ကြားရေးမှူး Lyu Daliang က ယခုနှစ်အစမှစ၍ နိုင်ငံခြားကုန်သွယ်မှုတွင် အပေါင်းလက္ခဏာဆောင်သည့် အခြေအနေများကြောင့် တရုတ်နိုင်ငံ၏စီးပွားရေးမှာ ဆက်လက်နာလန်ထူလာခဲ့ကြောင်းနှင့် မေလ၏ကုန်သွယ်မှုမှာ ၈.၆ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး လစဉ်တိုးတက်မှုမှာ အရှိန်ရလာကြောင်းပြောကြားခဲ့ပါသည်။ မေလတစ်လတည်းတွင် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ယွမ်၃.၇၁ထရီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၈.၆ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်းသိရပါသည်။ ပြည်ပသို့တင်ပို့မှုပမာဏမှာ ယွမ်၂.၁၅ထရီလီယံဖြင့် ၁၁.၂ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တင်သွင်းမှုပမာဏမှာ ယွမ်၁.၅၆ထရီလီယံဖြင့် ၅.၂ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ JLL Greater China ၏ စီးပွားရေးပါရဂူအကြီးအကဲ Bruce Pang က ယှဉ်ပြိုင်နိုင်စွမ်းရှိသောကုန်ပစ္စည်းများ၊ တရုတ်ယွမ်ငွေ၏ သင့်တင့်မျှတသောငွေလဲနှုန်းနှင့် အကောက်ခွန်နှုန်း မမြှင့်တင်ခင် စောစီးစွာတင်ပို့နိုင်မှုတို့ကြောင့် တရုတ်နိုင်ငံ၏ ပြည်ပသို့တင်ပို့သည့်ပမာဏသည် မေလတွင် ဆက်လက်ကြီးထွားခဲ့ကြောင်းပြောကြားခဲ့ပါသည်။ အကောက်ခွန်အချက်အလက်များအရ ၂၀၂၄ခုနှစ်၊ ပထမ(၅)လတွင် သင်္ဘောများ၊ လျှပ်စစ်ကားများ၊ အိမ်သုံးအသုံးအဆောင်ပစ္စည်းများတင်ပို့မှုမှာ ၁၀၀.၁ရာခိုင်နှုန်း၊ ၂၆.၃ရာခိုင်နှုန်းနှင့် ၁၇.၈ရာခိုင်နှုန်းအသီးသီးဖြင့် လျင်မြန်စွာကြီးထွားလာကြောင်းသိရပါသည်။

Source: CGTN

DOCA(ရန်ကုန်)