ပြင်းထန်သည့်ရာသီဥတုအခြေအနေ၊ တင်ပို့သည့်ဈေးနှုန်းများနှင့်စပ်လျဉ်း၍ ယှဉ်ပြိုင်ရသည့် ဖိအား၊ မြင့်မားသည့် အချက်အလက်ဖြည့်သွင်းရသည့် ကုန်ကျစရိတ်များနှင့် ပစ္စည်း ပြတ်လပ်မှုများစသည့် စိန်ခေါ်မှုများရှိနေသော်လည်း ဗီယက်နမ်နိုင်ငံ၏ ဇန်နဝါရီလမှ ဇွန်လအထိ ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံရောက်ရှိရန် မျှော်လင့်ရပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆ ရာခိုင်နှုန်း မြင့်တက်လာနိုင်ကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့ သူများနှင့် ထုတ်လုပ်သူများအသင်း အဆိုအရ သိရပါသည်။ ဗီယက်နမ်နိုင်ငံ သည် ၂၀၂၄ ခုနှစ်၏ ပထမ(၅)လဖြစ်သည့် ဇန်နဝါရီလမှ မေလအထိ ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ ပမာဏရှိသည့် ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၆.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှု ဈေးကွက်သည် ဝယ်လိုအားတွင်သာမက ဈေးနှုန်းတွင်ပါ ပြန်လည်နာလန်ထူလာသည့် လက္ခဏာ များ ပြသခဲ့ပြီး မေလတွင် ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂဈေးကွက်သို့ တင်ပို့မှုမှာ အပေါင်းလက္ခဏာဆောင်သည့် ၅ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းထိ ကြီးထွားလာကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ(၅)လ တွင် အမေရိကန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆၃၅ သန်း ပမာဏရှိသည့် ရေထွက်ကုန်များ တင်ပို့ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါသည်။ တစ်နှစ်လုံးစာအတွက် ရည်မှန်းထားသည့် ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိရန်အတွက် ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဒေသခံများအနေဖြင့် လုပ်ငန်းများ၊ အသင်းများနှင့် လက်တွဲကာ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို မျက်ခြေမပြတ်စောင့်ကြည့်ရန်နှင့် ကျိုးကြောင်းသင့်သည့် ထုတ်လုပ်ရေးအစီအစဉ်များထားရှိရန် တောင်းဆိုခဲ့သည်။ ထို့ပြင် လုပ်ငန်းများအနေဖြင့်လည်း ဈေးကွက်ချဲ့ထွင်ရန်၊ ဈေးကွက်စည်းမျဉ်းများကို လိုက်နာရန်၊ တင်ပို့မှုများ လွယ်ကူချောမွေ့ စေရန်အတွက် မူဝါဒများကို ပြင်ဆင်ထုတ်ပြန် အဆိုပြုရန်အတွက် အတူတကွ လက်တွဲ သင့်ကြောင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေးအတွက် နည်းပညာမြင့်များတွင် ရင်းနှီးမြှုပ်နှံမှုပြုရန်၊ ချိတ်ဆက်ဆောင်ရွက်မှုမြှင့်တင်ရန်နှင့် နည်းပညာပိုင်းဆိုင်ရာ အတားအဆီးများကို ဖယ်ရှားရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။
Source: Vietnam Plus
DOCA(ရန်ကုန်)