အမေရိကန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ချုပ်ဆိုထားသည့်ရေနံများအား ရောင်းချသည့်အခါ အမေရိကန်ဒေါ်လာဖြင့်သာအရောင်းအဝယ်လုပ်ခွင့်ရသည့် သဘောတူညီချက်မှာ ၂၀၂၄ခုနှစ်၊ ဇွန်လ(၉)ရက်နေ့က သက်တမ်းကုန်သွားပြီဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံသည် စာချုပ်ထပ်မံမချုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန်ဒေါ်လာကို ကမ္ဘာသုံးငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမှတစ်ဆင့် အရွှေ့အပြောင်းအဖြစ် တစ်ခုမြင်တွေ့ရကြောင်းနှင့် အမေရိကန်နိုင်ငံကို သွယ်ဝိုက်ထိခိုက်စေကြောင်းသိရပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါစာချုပ်သည် အမေရိကန်နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလွှမ်းမိုးနိုင်မှု၏ အဓိကကျသော မှတ်တိုင်တစ်ခုဖြစ်ကြောင်းသိရပါသည်။ နှစ်၅၀ကြာမြင့်ခဲ့ပြီဖြစ်သော အဆိုပါစာချုပ်သည် ပထဝီနိုင်ငံရေးအရသာမက စီးပွားရေးကိုပါ သိသာထင်ရှားစွာသွယ်ဝိုက်ပတ်သက်ခဲ့ကြောင်းသိရပါသည်။ ၎င်းသည် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဈေးကွက်နှင့် နိုင်ငံတကာဆက်သွယ်မှုများကိုပုံဖော်ရာတွင် အထောက်အကူဖြစ်စေခဲ့ကြောင်းသိရပါသည်။ အဆိုပါ Petrodollar စနစ်သည် ၁၉၄၇ခုနှစ်က အမေရိကန်နှင့်ဆော်ဒီအာရေဗျနိုင်ငံတို့အကြား နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံစလုံးသည် ရေနံကုန်သွယ်ခြင်းနှင့် ဈေးနှုန်းသတ်မှတ်ခြင်းတို့တွင် အမေရိကန်ဒေါ်လာကိုသာအသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုကဲသို့ ရေနံကို ဒေါ်လာဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရန်သတ်မှတ်ခဲ့သည့်အခါ ဆော်ဒီ အာရေဗျနိုင်ငံမှ ရေနံဝယ်ယူမည့်နိုင်ငံတိုင်းသည် ဒေါ်လာငွေပေးချေရန်လိုအပ်ပြီး အခြားမြောက်များစွာသော ရေနံထုတ်လုပ်သည့်နိုင်ငံများမှာလည်း အဆိုပါစနစ်ကို လိုက်လံကျင့်သုံးပြီး Petrodollar စနစ်သို့ဝင်ရောက်လာကြပါသည်။ အဆိုပါသဘောတူညီချက်အရ အပြန်အလှန်အနေဖြင့် အမေရိကန်နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံကို စစ်ဖက်ဆိုင်ရာအကူအညီပေးကာ ကာကွယ်ရေးအတွက်လည်း အာမခံချက်ပေးခဲ့ပြီး ဆော်ဒီအာရေဗျကလည်း ၎င်းတို့၏ ရေနံလုပ်ငန်းများတွင် အမေရိကန်၏ရင်းနှီးမြှုပ်နှံမှုများကို သဘောတူခဲ့ပါသည်။ ယခုကဲ့သို့ စာချုပ်ထပ်မံမချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ရေနံနှင့်အခြားကုန်ပစ္စည်းများကို ယူရို၊ ယန်း၊ ယွမ် အစရှိသည့် ငွေကြေးအမျိုးအစားပေါင်းစုံဖြင့် ရောင်းချနိုင်ပြီဖြစ်ကြောင်းသိရပါသည်။
Source: Wionews
DOCA(ရန်ကုန်)