တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံးတင်ပို့သည့်နိုင်ငံနေရာတွင် ရပ်တည်နေသော တရုတ်နိုင်ငံနေရာကို အမေရိကန်နိုင်ငံအစားထိုးလာနိုင်

Powered by Drupal

       တောင်ကိုရီးယားနိုင်ငံ၏ အမေရိကန်သို့တင်ပို့မှုသည် ယခုနှစ်တွင် ၂၂နှစ်အတွင်း ပထမဆုံးအနေဖြင့် တရုတ်နိုင်ငံကိုကျော်ဖြတ်နိုင်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် စွန့်ဦးတီထွင်သူများဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရပါသည်။ ဇန်နဝါရီလမှ မေလအတွင်း အမေရိကန်သို့ တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၃.၃ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၂.၆၉ဘီလီယံရှိကြောင်းသိရပါသည်။ ကုမ္ပဏီကြီးများသည် ၎င်းတို့၏ တင်ပို့မှုဦးတည်ရာကို လွန်ခဲ့သည့်နှစ်ကတည်းက ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ ၎င်းတို့၏ တင်ပို့မှုပုံစံကို နှစ်၂၀အတွင်း ပထမဆုံးအနေဖြင့် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဤပမာဏအတိုင်း ရှေ့ဆက်သွားမည်ဆိုပါက ၂၀၀၂ခုနှစ်နောက်ပိုင်း ပထမဆုံးအနေဖြင့် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသို့တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၅.၇၁ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၄.၈၁ဘီလီယံရှိခဲ့သည့်အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၉.၁ဘီလီယံပိုမိုရရှိခဲ့ကြောင်းသိရပါသည်။

         အမေရိကန်နိုင်ငံသို့တင်ပို့မှုမှာ လွန်ခဲ့သည့်နှစ်ထက် ၅.၄ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အဓိကအားဖြင့် မော်တော်ယာဉ်များနှင့် ဘတ္ထရီအိုးများတင်ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အမေရိကန်နိုင်ငံသို့ တင်ပို့မှုပမာဏမှာ ၂၀၂၀ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၇၄.၁၁ဘီလီယံမှ ၂၀၂၁ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၅.၉ဘီလီယံရောက်ရှိခဲ့ပြီး ၂၀၂၂ခုနှစ်တွင် ပထမဆုံးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀ကျော်သွားကြောင်းသိရှိရပါသည်။ သို့သော် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၂၀၂၁ခုနှစ်တွင် စံချိန်တင် အမေရိကန်ဒေါ်လာ ၁၆၂.၉၁ဘီလီယံရှိခဲ့ရာမှ ၂၀၂၂ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၅.၇၉ဘီလီယံနှင့် ၂၀၂၃ခုနှစ်‌တွင် အမေရိကန်ဒေါ်လာ ၁၂၄.၈၁ဘီလီယံအထိကျဆင်းခဲ့ကြောင်းသိရပါသည်။ သို့သော် တင်ပို့မှုဦးတည်ရာအလားအလာမှာ တရုတ်နိုင်ငံ၏စီးပွားရေးနလန်ထူလာမှုကြောင့် ပြောင်းလဲနိုင်ကြောင်းသိရပါသည်။ တရုတ်နိုင်ငံသည် ယခုနှစ်၏ ပထမလေးလတာကာလတွင် စီးပွားရေးတိုးတက်မှု ၅.၃ရာခိုင်နှုန်းရှိခဲ့ပြီး  ခန့်မှန်းမှုများကိုကျော်ဖြတ်နိုင်ခဲ့ကာ မေလတစ်လတည်းတွင်ပင် ပြည်ပသို့ အမေရိကန်ဒေါ်လာ ၃၀၂.၃၅ဘီလီယံထိတင်ပို့နိုင်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ မေလထက် ၇.၆ရာခိုင်နှုန်းတင်ပို့မှုမြင့်တက်ခဲ့ကြောင်းသိရပါသည်။ တရုတ်နိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေးသုတေသနအသင်း၏ အကြီးအကဲဖြစ်သူ Jean Byung Seo က အကယ်၍  တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် Display ဖန်သားပြင်ကဲ့သို့သော အလယ်အလတ်ကုန်ပစ္စည်းများတင်ပို့မှုမြင့်တက်လာပါက တရုတ်နိုင်ငံသည် နှစ်ကုန်တွင် ကိုရီးယား၏ အကြီးမားဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ တည်ငြိမ်နေသော်လည်း အလုံးစုံစီးပွားရေးမှာကျဆင်းလျက်ရှိကြောင်းနှင့် အကျိုးဆက်များကိုအနီးကပ်စောင့်ကြည့်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

Source: Indina Shipping News

DOCA(ရန်ကုန်)