တရုတ်နိုင်ငံ၏လျှပ်စစ်ကားများကို အကောက်ခွန်နှုန်းတိုးမြင့်ရန် ဥရောပသမ္မဂ္ဂစီစဥ်

Powered by Drupal

      ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံမှတင်သွင်းသည့် လျှပ်စစ်ကားများအပေါ်တွင် ၃၈.၁ရာခိုင်နှုန်းအထိတိုးမြှင့်မည့် ထပ်ဆောင်းအခွန်ကို ဇူလိုင်လမှစ၍ ကောက်ခံရန်စီစဉ်နေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ပြန်လည်တုန့်ပြန်မှုနှင့်ရင်ဆိုင်ရဖွယ်လည်းရှိနေကြောင်းသိရပါသည်။ လွန်ခဲ့သည့်လတွင် အမေရိကန်နိုင်ငံက တရုတ်လျှပ်စစ်ကားများကို အကောက်ခွန် ၁၀၀ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပြီး ယခုအခါ ဥရောပကော်မရှင်က BYD ကို ၁၇.၄ရာခိုင်နှုန်း၊ Geelyကို ၂၀ရာခိုင်နှုန်းနှင့် SAJC ကို ၃၈.၁ရာခိုင်နှုန်း အခွန်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းသိရပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါကုမ္ပဏီများသည် တရုတ်အစိုးရ၏ အလွန်အကျွံငွေကြေးထောက်ပံ့မှုမှတစ်ဆင့် အကျိုးအမြတ်များရရှိနေသောကြောင့်ဖြစ်သည်ဟုသိရပါသည်။ တရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရုတ်ကုမ္ပဏီများ၏ တရားဝင်ရပိုင်ခွင့်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လိုအပ်သည့်ဆောင်ရွက်မှုများကို ပြတ်ပြတ်သားသားဆောင်ရွက်ရန် အနီးကပ်စောင့်ကြည့်နေကြောင်းပြောကြားခဲ့ပါသည်။  ဥရောပသမဂ္ဂ၏ ယာယီအခွန်ကောက်ခံမှုသည် ဇူလိုင်လ ၄ရက်နေ့တွင် စတင်သက်ရောက်မှုရှိမည်ဖြစ်ပြီး အစိုးရထောက်ပံ့မှုခြင်းရရှိမှုဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုများကို နိုဝင်ဘာလ ၂ရက်နေ့မတိုင်ခင်အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။ ဥရောပကော်မရှင်က စုံစမ်းစစ်ဆေးရေးတွင် ပူး‌ပေါင်းဆောင်ရွက်သည်ဟုယုံကြည်ရသည့် ကုမ္ပဏီများကို အကောက်ခွန် ၂၁ရာခိုင်နှုန်းသာကောက်ခံမည်ဖြစ်ပြီး မပူးပေါင်းပါက ၃၈.၁ရာခိုင်နှုန်းကောက်ခံမည်ဟုပြောကြားခဲ့ပါသည်။ အဆိုပါအကောက်ခွန်နှုန်းထားသစ်များသည် ဥရောပသမဂ္ဂ၏  လက်ရှိတည်ရှိနေသည့် အမြင့်ဆုံးအကောက်ခွန်နှုန်းထားဖြစ်သည့် ၁၀ရာခိုင်နှုန်းကိုကျော်ဖြတ်သွားမည်ဖြစ်သည်ဟုသိရပါသည်။ အနောက်တိုင်းမှ ကားထုတ်လုပ်သူများဖြစ်သော်လည်း တရုတ်နိုင်ငံတွင် ထုတ်လုပ်၍ ဥရောပသို့ ပြန်လည်တင်ပို့သည့် Telsa နှင့် BMW ကုမ္ပဏီတို့ကို "ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများ" ဟု သတ်မှတ်ရဖွယ်ရှိကြောင်းသိရပါသည်။ ဥ‌ရောပကော်မရှင်၏ ဒုဥက္ကဋ္ဌ Margaritis Schinas က တရုတ်ကားထုတ်လုပ်သူများသည် အစိုးရ၏ ထောက်ပံ့ငွေများမှတစ်ဆင့် အကျိုးရရှိနေခြင်းမှာ မမျှတကြောင်းနှင့် ဥရောပကားထုတ်လုပ်သူများကို စိုးရိမ်စိတ်များဖြစ်ပေါ်စေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Lin Jian က အဆိုပါစုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းသည် ပြည်တွင်းလုပ်ငန်းများကို ပြည်ပလုပ်ငန်းများက မယှဉ်ပြိုင်နိုင်ရန် အကောက်ခွန်တိုးမြှင့်သည့်ဝါဒ (Protectionisms) ဖြစ်ကြောင်း၊ တရုတ်နှင့် ဥရောပသမဂ္ဂတို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုလုံခြုံရေးအတွက် တရုတ်နိုင်ငံနှင့်အတူ အလုပ်လုပ်ရန်ပြောကြားခဲ့ပါသည်။ ဂျာမနီမော်တော်ယာဉ်နယ်ပယ် ၏ ဥက္ကဋ္ဌက ဥရောပသမဂ္ဂ၏ အကောက်ခွန်နှုန်းထားတိုးမြှင့်မှုသည် တရုတ်နှင့်ဥရောပသမဂ္ဂအကြား ကုန်သွယ်‌ရေးစစ်ပွဲဖြစ်လာနိုင်ကြောင်းနှင့် ဥရောပမော်တော်ယာဉ်ကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုအားကောင်းမလာနိုင်စေကြောင်းပြောကြားခဲ့ပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)