အင်ဒိုနီးရှားနိုင်ငံအား ပို့ကုန်များထုတ်လုပ်ရာ အချက်အခြာနေရာအဖြစ်ပြုလုပ်ရန် တရုတ်နိုင်ငံသဘောတူ

Powered by Drupal

     အင်ဒိုနီးရှားနိုင်ငံစက်မှုဝန်ကြီး Agus Gumiwang Kartasamita နှင့် တရုတ်နိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီ(၄)ခုဖြစ်သည့် Neta ၊ Wuling ၊ Chery နှင့် Sokan တို့သည် အင်ဒိုနီးရှားနိုင်ငံအား သဘာဝပတ်ဝန်းကျင်အန္တရာယ်မပြုသည့် လျှပ်စစ်ကားများ ပြည်ပသို့တင်ပို့မည့် စီမံကိန်းအတွက် ထုတ်လုပ်ရာအချက်အခြာနေရာအဖြစ် အသုံးပြုသွားရန် သဘောတူညီမှု ရရှိခဲ့ကြ ပါသည်။ Mr. Kartasasmita က ကုမ္ပဏီသည် ညာမောင်းကားများအသုံးပြုသည့်နိုင်ငံ (၅၄)နိုင်ငံသို့တင်ပို့ရန်အတွက် ညာမောင်းလျှပ်စစ်ကားများ ထုတ်လုပ်နေရာအဖြစ် အင်ဒိုနီးရှား နိုင်ငံကို အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားအစိုးရသည် ၂၀၃၀ ပြည့်နှစ်တွင် တစ်နှစ်ကို လျှပ်စစ် ကားအစီးရေ ၆၀၀၀၀၀ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည် ဝန်ကြီး၏ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့သို့ ဇွန်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ တွင်သွားရောက်ခဲ့သည့် အလုပ်သဘောခရီးစဉ်တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

      Mr. Kartasasmita ၏ ပြောကြားချက်အရ Neta ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ ထုတ်လုပ်မှုများ၌ အင်ဒိုနီးရှားပြည်တွင်းမှ ပါဝင်ပတ်သက်မှုကို  ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွား မည်ဖြစ်ကြောင်းနှင့် နှစ်စဉ်ကားအစီးရေ ၁၀၀၀၀ ခန့် ရောင်းချသွားရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

     Wuling Automobile ကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်ကားထုတ်လုပ်မှု ပမာဏကို တိုးမြှင့်သွားပြီး အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကားနယ်ပယ်သည် အာဆီယံနှင့် ကမ္ဘာ အတွက် ထုတ်လုပ်ရာနေရာဖြစ်လာရန် မျှော်လင့်လျက်ရှိကြောင်း သိရပါသည်။

     Chery Automobile ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် လူကြိုက်များလျက်ရှိသည့် plug-in hybrid လျှပ်စစ်ကားများ (PHEV)အား အင်ဒိုနီးရှားတွင်ထုတ်လုပ်ရန် သုတေသနပြုလုပ်လျက်ရှိပြီး အဆိုပါကားများတွင် အသုံးပြုသည့် စွမ်းအင်လောင်ကျွမ်းမှုသည် hybrid လျှပ်စစ်ကား (HEV)များထက် ပိုမိုတွက်ခြေကိုက်သောကြောင့်ဖြစ်သည်ဟု သိရပါသည်။ ထို့ပြင် Chery ကုမ္ပဏီသည် ၂၀၃၀ ပြည့်နှစ်တွင် စုစုပေါင်း လျှပ်စစ်ကားအစီးရေ ၁၀၀၀၀၀ အထိ ထုတ်လုပ်ရန် ကတိပြုထားကြောင်း သိရပါသည်။

    Sokon ကုမ္ပဏီသည် လျှပ်စစ်ကားအမျိုးအစားပေါင်းစုံကို အင်ဒိုနီးရှားနိုင်ငံသို့ သယ်ဆောင်လာပြီး လျှပ်စစ်ကားဂေဟစနစ်ကို ပံ့ပိုးပေးရန် မျှော်လင့်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါ ကုမ္ပဏီသည် တစ်နှစ်လျှင် အစီးရေ ၅၀၀၀၀ အထက် ထုတ်လုပ်နိုင်စွမ်းရှိသည်ဟု အင်ဒိုနီးရှားအစိုးရက ယူဆလျက်ရှိကြောင်း သိရပါသည်။

Mr. Kartasasmita က တရုတ်မှလျှပ်စစ်ကားကုမ္ပဏီ(၄)ခုသည် ရင်းနှီးမြှုပ်နှံမှုပြုရန်အတွက် အင်ဒိုနီးရှားအစိုးရ၏   ဆွဲ‌ဆောင်မက်လုံးပေးမှုအများစုကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

Source: Anrtara News

DOCA(ရန်ကုန်)