လှည်းကူးမြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးရဲထွန်းအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ ဗိုလ်မှူးစိုးစိုးနိုင် (အဖွဲ့ဝင်-၁)၊ ဦးဇော်မင်းထွန်း(အမှုဆောင်အရာရှိ)၊ ဦးမျိုးကျော်ဆန်း(တွဲဖက်အတွင်းရေးမှူး)၊ ဦးမင်းဇော်ထွန်း(ဒုဦးစီးမှူး)၊ ဦးဝေဖြိုးကျော်(ဈေးတာဝန်ခံ)၊ ဦးထိန်ဝင်း မြို့မဈေးသာယာရေး အကျိုးဆောင်(ဥက္ကဌ)နှင့် ဦးပြည့်ဖြိုးနိုင်(ဆီဖြန့်ဖြူးရေးကိုယ်စားလှယ်)တို့ ပူးပေါင်းအဖွဲ့သည် ၁၆.၆.၂၀၂၄ ရက်နေ့တွင် လှည်းကူးခရိုင်၊ လှည်းကူးမြို့မဈေးအတွင်းရှိ စားသုံးဆီဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်လီ ရောင်းချနေသော ဆီဆိုင်များအား ဈေးတာဝန်ခံရုံးသို့ ဖိတ်ကြား၍ အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် လှည်းကူးမြို့မဈေးသို့ ဆီလုံလုံလောက်လောက်ဖြန့်ဖြူးထားကြောင်း၊ မိမိတို့ရရှိသည့်အရေအတွက်အား လူတစ်ဦးအနည်းဆုံး(၅၀)ကျပ်သား ရောင်းချပေးရန် လိုအပ်ကြောင်း၊ ဆီကိုချန်မထားဘဲ ရောင်းချပေးရမှာဖြစ်ကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန် လိုအပ်ကြောင်း၊ ယခင်ကဈေးမြှင့်ရောင်းချ၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်ဥပဒေအရ အရေးယူခဲ့ရသည့်ဖြစ်စဉ်ရှိခဲ့ကြောင်း၊ ဈေးအတွင်းအုပ်စုလိုက် လှည့်၍ အပြန်အပြန်အလှန်လှန် ဝယ်ယူနေမှုများအား ဈေးတာဝန်ခံ၊ ဈေးသာယာလှပရေး အကျိုးဆောင် အဖွဲ့နှင့် ဆိုင်ရှင်များ ပူးပေါင်း၍ လိုအပ်သလောက်သာ ရောင်းချပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက် သွားရန် ဦးအောင်တင်စိုး လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ လှည်းကူးမြို့နယ်သို့ ဆီဖြန့်ဖြူးရောင်းချပေးသည့်ကုမ္ပဏီ (၂)ခုမှ ဖြန့်ဖြူးသည့်ဆီကို ဦးပြည့်ဖြိုးနိုင်(ဆီကိုယ်စားလှယ်)မှ တာဝန်ယူဖြန့်ဖြူးပေးပါကြောင်း၊ မြို့မဈေးအတွင်းနှင့်ဈေးအပြင်တန်းဆိုင်အရေအတွက် စုစုပေါင်း (၇၀)ရှိ၍ ဈေးတွင်း/ဈေးပြင် ဆိုင်များကို ဦးသော်ဇင်စိုး(စိမ်းလန်း)မှတာဝန်ခံ၍ နေ့စဉ် တစ်ဆိုင်လျှင် (၂၀)ပိဿာဖြင့် နေ့စဉ် ဖြန့်ဖြူးပေးနေကြောင်း တွေ့ရှိရပါသည်။ ဆိုင်များမှလည်း လူတစ်ဦးအနည်းဆုံး (၅၀)ကျပ်သား ရောင်းချပေးပါကြောင်း၊ Venyl ချိတ်၍ ရောင်းချပေးပါကြောင်း ဆီချန်ထားခြင်းမရှိကြောင်း ကွင်းဆင်းစစ်ဆေး၍ တွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)