အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီဥတုကောင်းမွန်မည့် ခန့်မှန်းချက်နှင့်အတူ သီးနှံစိုက်ပျိုးမှု တိုးတက်လာမှုနှင့် ပြည်ပမှသွင်းကုန်များဝင်ရောက်လာမှုတို့အရ အဓိကပဲသုံးမျိုးဖြစ်သော ပဲစင်းငုံ၊ ကုလားပဲနှင့် မတ်ပဲတို့၏ ဈေးနှုန်းများသည် ယခုနှစ် ဇူလိုင်လကုန်ပိုင်းမှစ၍ ကျဆင်းလာနိုင်ဖွယ်ရှိကြောင်း အိန္ဒိယစားသုံးသူရေးရာအတွင်းဝန် Nidhi Khare က ၁၄-၆-၂၀၂၄ နေ့၌ ပြောကြားခဲ့ပါသည်။
ရောင်းလိုအားနှင့် ဝယ်လိုအားတို့အကြား ဟန်ချက်မညီမျှမှုက အဆိုပါပဲသုံးမျိုး၏ ဈေးနှုန်း များကို မြင့်တက်စေပြီး ယခင် ၁ နှစ်တာကာလအတွင်း ဈေးနှုန်းဖောင်းပွမှုကို ဂဏန်း ၂ လုံးအဆင့်အထိ မြင့်မားစေခဲ့သည်။ ပဲမျိုးစုံဈေးနှုန်းများသည် စားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှု တွင် ၆% နှင့် စားသုံးသူဈေးနှုန်းဖောင်းပွမှု တစ်ရပ်လုံး၌ ၂.၄% အထိ ပါဝင်လျက်ရှိခြင်းက အစိုးရနှင့် စားသုံး သူများအတွက် စိုးရိမ်ဖွယ်ဖြစ်စေလျက်ရှိသည်။
လက်လီဈေးကွက်၌ ဇွန်လ ၁၃ ရက်နေ့တွင်ဖြစ်ပေါ်သော ပဲမျိုးစုံ ပျမ်းမျှဈေးနှုန်းများမှာ ၁ ကီလိုဂရမ်လျှင် ကုလားပဲခြမ်းသည် ၈၇.၇၄ ရူပီး၊ ပဲစင်းငုံသည် ၁၆၀.၇၅ ရူပီး၊ မတ်ပဲသည် ၁၂၆.၆၇ ရူပီး၊ ပဲတီစိမ်းသည် ၁၁၈.၉ ရူပီးနှင့် ပဲနီလေးသည် ၉၄.၃၄ ရူပီးနှုန်း အသီးသီးရှိကြောင်း အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။
လွန်ခဲ့သော ၆ လအတွင်း ပဲစင်းငုံ၊ ကုလားပဲနှင့် မတ်ပဲတို့၏ ဈေးနှုန်းများသည် တည်ငြိမ်မှု ရှိခဲ့သော်လည်း မြင့်မားနေဆဲဖြစ်ကြောင်း၊ ပဲတီစိမ်းနှင့် ပဲနီလေးတို့၏ ဈေးနှုန်းများမှာ သက်သာမှု ရှိသည့် အခြေအနေဖြစ်ကြောင်း၊ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့် မုတ်သုံမိုး ပုံမမှန်မှုတို့ကြောင့် ပဲမျိုးစုံထုတ်လုပ်မှုသည် ကျဆင်းခဲ့ရကြောင်း၊ မိုဇမ်ဘစ်နှင့် မာလာဝီတို့ ကဲ့သို့သော အာဖရိက တောင်ပိုင်းနိုင်ငံများထံမှ ပဲများတင်သွင်းမှုသည် ဇူလိုင်လကုန်ပိုင်းတွင် မြင့်တက်လာမည်ဖြစ်ပြီး ပြည်တွင်းရောင်းလိုအားကို ကောင်းမွန်စေမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပဲမျိုးစုံ သင်္ဘောတင် ပို့မှု လွယ်ကူချောမွေ့စေရေး ကုန်တင်သွင်းဖက်နိုင်ငံများနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိ ကြောင်းဖြင့် အတွင်းဝန် Ms. Khare က ပြောကြားခဲ့သည်။
Ms. Khare ၏ ပြောဆိုမှုအရ ကာနာတကာပြည်နယ်အတွင်း အချို့နေရာဒေသများတွင် ပဲစင်းငုံစိုက်ပျိုးမှုစတင်ခဲ့ပြီး မဟာရဋ္ဌပြည်နယ်၌ စိုက်ပျိုးရန်ပြင်ဆင်မှုများ စတင်လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။ ၎င်းပြည်နယ်နှစ်ခုသည် အိန္ဒိယပြည်တွင်း၌ ပဲစင်းငုံ အဓိကစိုက်ပျိုးရာ ဒေသများဖြစ်ကြသည်။
မုတ်သုံမိုးရွာသွန်းမှု ပုံမှန်အထက်၌ရှိမည်ဟူသော ခန့်မှန်းချက်က ပဲမျိုးစုံ စိုက်ပျိုးမှုဧရိယာကို တိုးတက်စေမည်ဖြစ်ပြီး ဈေးနှုန်းများကျဆင်းမှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်တွင်း၌ ကုန်စည်ရရှိလွယ်မှုကို မြှင့်တင်လျက် လက်လီဈေးနှုန်းများကို ထိန်းသိမ်းနိုင် အောင် လိုအပ်သော စီမံဆောင်ရွက်မှုများအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အိန္ဒိယ စားသုံး သူရေးရာဦးစီးဌာနသည် ပဲမျိုးစုံသွင်းကုန် မြှင့်တင်ရေး ကမ္ဘာတစ်ဝန်းမှ ပေးသွင်းသူများနှင့် မပြတ် ထိတွေ့ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းရှိ လက်လီလက်ကား ရောင်းချသူများ၊ လက်လီ ကွင်းဆက် အရောင်းဆိုင်ကြီးများနှင့်လည်း ထိတွေ့လျက် သိုလှောင်ဈေးကစားမှုများ မရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း Ms. Khare က ပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၃-၂၄ ဘဏ္ဍာ နှစ်၌ ပဲစင်းငုံတန်ချိန် ၈ သိန်းခန့် နှင့် မတ်ပဲတန်ချိန် ၆ သိန်းတို့ကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။
Source: Economic Times, 14 Jun 2024