အစိုးရ၏ ကုန်စည်များပေါ်တွင် အခွန်လျှော့ချရန် ဆုံးဖြတ်ပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ၏ ယခုနှစ် ဆန်တင်သွင်းမှုသည် တန်ချိန် ၄.၆ သန်းအထိ ရှိလာနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေး ဦးစီးဌာန (USDA) က ဖော်ပြထားသည်။ ဖိလစ်ပိုင်အစိုးရက သွင်းကုန်အခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီးနောက် USDA သည် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု ခန့်မှန်းချက်ကို အစောပိုင်းက မျှော်မှန်းထားသည့် တန်ချိန် ၄.၁ သန်းထက် တန်ချိန် ၅၀၀၀၀၀ ထပ်မံ တိုးမြှင့် ခဲ့ခြင်းဖြစ်သည်။
လာမည့်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်း အဓိကစားကုန်လိုအပ်ချက်ကို ဖြည့် ဆည်းရန်အတွက် ဆန်တန်ချိန် ၄.၇ သန်း တင်သွင်းဖွယ်ရှိနိုင်မည်ဟု USDA ၏ ၁၃-၆-၂၀၂၄ နေ့ ထုတ်ပြန်သည့် ကမ္ဘာ့ဆန်စပါးအစီရင်ခံစာအရ သိရသည်။ အကယ်၍ အဆိုပါခန့်မှန်းချက် ရုပ်လုံး ပေါ်လာပါက ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ကမ္ဘာ့ အကြီးဆုံး ဆန်ဝယ်ယူသူ ဖြစ်လာမည်ဖြစ်သည်။
သမ္မတမားကို့စ် ဦးဆောင်သော အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင် အဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ကာလအတွက် တန်းတူညီ အကောက်ခွန် သက်သာ ခွင့် (MFN) အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း ပြီးခဲ့သည့်သီတင်းပတ်၌ လူမှုစီးပွားစီမံကိန်း အတွင်းဝန် Arsenio Balisacan က ကြေညာခဲ့သည်။ အဆိုပါ အကောက်ခွန်သက်သာခွင့် အစီ အစဉ် အသစ်တွင် ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားလျော့ချခြင်းလည်း အပါအဝင် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် အစိုးရအနေဖြင့် ပြည်သူများအတွက် အခြေခံစားကုန်များ အပေါ် တတ်နိုင်သည့်ဖက်မှ ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နိုင်ငံအတွင်း ဆန် ဈေးနှုန်းကြီးမြင့်ခြင်းကို လျော့ကျစေရန် ရည်ရွယ်ကြောင်း Balisacan က ပြောဆိုသည်။
ဖိလစ်ပိုင်နိုင်ငံ စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) ၏ ခန့်မှန်းချက်များအပေါ် အခြေခံ၍ အကောက်ခွန်နှုန်းထားလျော့ချမှုသည် ဆန်တစ်ကီလိုဂရမ်လျှင် ၇ ပီဆိုအထိ ကျဆင်းစေနိုင်သည်။ သို့သော်လည်း စိုက်ပျိုးရေးအတွင်းဝန်ဟောင်းများက ဆန်အပေါ် အကောက်ခွန်နှုန်းထား လျှော့ချ ခြင်းသည် နှစ်စဉ် ဆန်ပိုမိုများပြားစွာ တင်သွင်းစေရန်အတွက် ပွင့်လင်းသော ဖိတ်ခေါ်မှု ဖြစ်သည် ဟု ပြောဆိုကြသည်။ ၂၀၀၁-၂၀၀၂ ခုနှစ်ကာလ၌ စိုက်ပျိုးရေးအကြီးအကဲအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် Leonardo Montemayor က ၎င်းလုပ်ဆောင်ချက်သည် ဖိလစ်ပိုင်သို့ ဆန်များ ပိုမိုတင်ပို့ရန် ကမ္ဘာ့ဈေးကွက်သို့ အလွန်ရှင်းလင်းသော အချက်ပြမှုတစ်ခုပင်ဖြစ်ကြောင်း၊ ယခုနှစ် အတွင်း ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုမှာ တန်ချိန် ၄.၂ သန်း ကျော်အထိ ရောက်ရှိခဲ့ပါက အံ့ဩဖွယ် ရာမရှိကြောင်း ပြောဆိုခဲ့သည်။
၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ စိုက်ပျိုးရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Emmanuel Piñol ကလည်း အကောက်ခွန် လျှော့ချလိုက်သော်လည်း လက်ရှိဆန်ဈေးသည် ယခင်အတိုင်းပင်ဖြစ်ကြောင်းနှင့် အကောက်ခွန်လျှော့ချခြင်းသည် သွင်းကုန်လုပ်ငန်းရှင်များကို တူညီသောဈေးနှုန်းဖြင့် ရောင်းချမည့်ဆန်များ ပိုမိုရရှိလာစေရန် တွန်းအားပေးသော်လည်း စပါး စိုက်ပျိုးသူ ဖိလစ်ပိုင်လယ်သမားများ၏ စိုက်ပျိုးလိုသည့် ရည်ရွယ်ချက်ကို ထိခိုက်စေမည်ဖြစ် ကြောင်းဖြင့် Balisacan ထံသို့ အိတ်ဖွင့်ပေးစာတွင် ပြောကြားထားသည်။
အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဆန်ရောင်းဝယ်ရေးစနစ်အပေါ် ထိန်းချုပ်ထားမှုအား ဖျက်သိမ်းလျက် ဖြေလျှော့ပေးခဲ့ချိန်မှစ၍ ဖိလစ်ပိုင်နိုင်ငံ၏ နှစ်စဉ်ဆန်ထောက်ပံ့ပေးသွင်းမှုတွင် ပြည်ပမှ တင်သွင်းမှုသည် ၂၀ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိသည်။
Source: The Philippine Star, 14 Jun 2024