ပခုက္ကူကုန်စည်ဒိုင်တွင် ပြည်ပပို့ကုန် အစေ့ထုတ်ပြောင်းဈေးကွက်အခြေအနေ

Powered by Drupal

          ပခုက္ကူကုန်စည်ဒိုင်တွင် ယခုနှစ်မတ်လပထမပတ်အတွင်း အစေ့ထုတ်ပြောင်း (CP) အရောင်း အဝယ်ဖြစ်မှုအခြေအနေမှာ အစေ့ထုတ်ပြောင်း(CP) သီးနှံအများဆုံးစိုက်ပျိုးထွက်ရှိသော ပခုက္ကူ မြို့နယ်ကျွန်းဒေသများ၊ မြစ်ခြေမြို့နယ်ဒေသများနှင့် ရေစကြိုမြို့နယ်ဒေသများမှ နေ့စဉ်ဝင်ရောက် လျှက်ရှိကြောင်း၊ ကုန်စည်ဒိုင်သို့ တစ်နေ့လျှင် (၂၇)ပိဿာဝင် တစ်တင်းခွဲအိတ် (၅၀၀၀)ခန့်၊ ပိဿာချိန်အားဖြင့်(၁၃၅၀၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်းနှင့် (၁)ပတ်အတွင်း စုစုပေါင်းစီးဝင် ရောက်မှုအနေဖြင့် တစ်တင်းခွဲအိတ်(၃၅၀၀၀)ခန့်၊ ဝင်ရောက်ပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

       ဈေးနှုန်းဈေးကွက်အနေဖြင့် သီးနှံအရည်အသွေးကိုလိုက်၍ ဈေးနှုန်းများမတူညီကြောင်း၊ မတ်လပထမ(၁)ပတ်အတွင်း အစေ့ထုတ်ပြောင်း(CP)ဈေးနှုန်းမှာ (၁၈)ပိဿာတစ်တင်းလျှင် အမြင့် ဆုံးဈေးနှုန်းကျပ်(၁၆၃၀၀)မှ (၁၇၂၀၀)ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး နေ့စဉ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ် မတ်လပထမ(၁)ပတ် ဈေးနှုန်းမှာ ကျပ် (၇၅၀၀/ ၈၀၀၀)ဈေးဖြင့် ရောင်းဝယ်မှုဖြစ်ခဲ့ကြောင်း၊ ယခုနှစ်အစေ့ထုတ်ပြောင်း(CP)သီးနှံ ဈေးနှုန်းမှာ ပြည်ပတင်ပို့မှုများ၍ ယခင်နှစ်ထက် သိသိသာသာဈေးနှုန်း ပိုမိုမြင့်တက်ခဲ့သောကြောင့် ယခု(၁)ပတ် အတွင်း ကုန်စည်ဒိုင်တွင် အစေ့ထုတ်ပြောင်း (CP)မှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်း  သိရှိရ ပါသည်။

          ပခုက္ကူကုန်စည်ဒိုင်မှ အစေ့ထုတ်ပြောင်း(CP)ကို ပြန်လည်ရောင်းချမှုနှင့် တင်ပို့မှုအခြေအနေ မှာဒေသတွင်း မွေးမြူရေးအစာကုန်ကြမ်းထုတ်လုပ်သော ကြိတ်ခွဲစက်များနှင့် ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် ပြည်တွင်းဒေသအနှံ့အပြားနှင့် ထိုင်း၊ တရုတ်စသည့် ပြည်ပနိုင်ငံများသို့ ဝယ်လက်များမှ တစ်ဆင့်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

          အစေ့ထုတ်ပြောင်း(CP)မှာ ပြည်တွင်းသုံးစွဲမှုအနေဖြင့် မွေးမြူရေးလုပ်ငန်းအတွက် တိရိစ္ဆာန် အစားအစာအဖြစ် သုံးစွဲမှုများပြားသည့်အပြင် ပြည်ပပို့ကုန်အဖြစ် အများဆုံးတင်ပို့လျှက်ရှိသော သီးနှံတစ်မျိုးဖြစ်၍ ယခုအချိန်တွင် ဈေးနှုန်း/ဈေးကွက်ကောင်းမွန်မှုရှိသဖြင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း ပခုက္ကူကုန်စည်ဒိုင်မှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)