ထိုင်းနိုင်ငံတွင် ဘတ် ၂.၈ ဘီလီယံတန် စက်ရုံတည်ဆောက်မည့် Harman ကုမ္ပဏီ

Powered by Drupal

    အမေရိကန်နိုင်ငံအခြေစိုက် Harman ကုမ္ပဏီသည် ၎င်းတို့၏ပထမဆုံး အရှေ့တောင်အာရှစက်ရုံတည်ဆောက်ရန်နေရာအတွက် ထိုင်းနိုင်ငံကိုရွေးချယ်ခဲ့ပြီး ကားများအတွက် အီလက်ထရောနစ်ထုတ်ကုန်များ တင်ပို့ရန်အတွက်ထုတ်လုပ်ရာ အခြေစိုက်နေရာအဖြစ် အသုံးပြုသွားမည်ဟု သိရပါသည်။ Harman ကုမ္ပဏီ စီမံအုပ်ချုပ်မှုအကြီးအကဲ Sami Krimi က ထိုင်းနိုင်ငံသည် မော်တော်ကားနှင့် ဆက်စပ်နယ်ပယ်များတွင် စိတ်ချရသော အတွေ့အကြုံရှိ သောကြောင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စွဲဆောင်နိုင်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံကို ဒေသတွင်း ပြည်ပသို့တင်ပို့ရာစက်ရုံအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ စီးပွားရေးအစီအစဉ်၏ ပထမအဆင့်အနေနှင့် ဘတ် ၂.၈ ဘီလီယံ တန်ကြေးရှိသည့် စက်ရုံကို Chon Buri စီရင်စု Laem Chabeng မြို့ရှိ ၄၇၀၀၀ စတုရန်းမီတာ ရှိသည့် မြေနေရာတွင် တည်ဆောက်မည်ဟုသိရပါသည်။ Harman ကုမ္ပဏီသည် စက်ရုံသစ်က အလုပ်အကိုင်အခွင့်အလမ်း ၁၂၀၀ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်လျက်ရှိပါသည်။ Harman ၏ ဥက္ကဌ Christian Sobottka က စက်ရုံတည်ဆောက်ရေးလုပ်ငန်းများမှာ ၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ် ကာလတွင် ပြီးဆုံးရန် အချိန်ဇယားဆွဲထားပြီး ၂၀၂၆ ခုနှစ်၊ ပထမ ၃ လပတ်ကာလတွင် ထုတ်ကုန်များကို ဝယ်ယူသူများထံ ပေးအပ်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် ကားစပီကာ၊ အသံချဲ့စက်နှင့် မော်တော်ကားနှင့်ဆိုင်သော အသံစနစ်များပါဝင်သော အီလက်ထရောနစ်ထုတ်ကုန် ၁၀ မျိုးခန့်ကို ထုတ်လုပ်ရန် စီစဉ်ထားသည်။ Harman ၏ ယခုကဲ့သို့ ထိုင်းနိုင်ငံတွင် စီးပွားရေးချဲ့ထွင်လာမှုသည် ထိုင်းဝန်ကြီးချုပ် Mr.Srettha ၏ လွန်ခဲ့သည့် နှစ်က အမေရိကန်ခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရပါသည်။ Mr.Sobrttka သည် လတ်တလောတွင် Mr.Srettha နှင့် တွေ့ဆုံခဲ့ပြီး Harman ၏ ထိုင်းနိုင်ငံ၌ စီးပွားရေး အစီအစဉ်များနှင့် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ယုံကြည်ချက်ရှိကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ဒုတိယအဆင့်အနေဖြင့် ၂၀၂၇ ခုနှစ်နှင့် ၂၀၂၈ ခုနှစ်ကြားတွင် ကားများအတွက်ဖျော်ဖြေရေးစနစ်များ ပြုလုပ်သွားရန်စီစဉ်နေကြောင်း ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှု ဒုတိယဥက္ကဌ Daniel Jonas ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)