ဝင်ငွေပုံမှန်ရနေသည့် ပလတ်စတစ် ခြင်းတောင်းလုပ်ငန်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့်ဥယျာဉ်ခြံမြေလုပ်ငန်း ကိုအဓိကထားလုပ်ကိုင်ကြပြီး၊ဒေသတွင်းကုန်ထုတ်လုပ်ငန်းများဖြစ်သည့် အသေးစားစက်မှု/လက်မှု လုပ်ငန်းများလည်း လုပ်ကိုင်ကြပါသည်။  ထိုလုပ်ငန်းများအထဲမှ ဟင်္သာတမြို့ ၊နတ်မော်တိုက်နယ်၊ ဂန့်ဂေါ်တောကျေးရွာတွင် ပလတ်စတစ်ခြင်းတောင်းလုပ်ငန်းကို အိမ်တိုင်းစေ့နီးပါး တစ်နိူင်တစ်ပိုင် လုပ်ကိုင်ကြရာ (၂၁.၆.၂၀၂၄)ရက်နေ့တွင် ဂန့်ဂေါ်တောကျေးရွာရှိ ဦးမြင့်စိုးပလတ်စတစ်ခြင်း တောင်း ထုတ်လုပ်သည့်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်မှ သွား ရောက်တွေ့ဆုံ၍ လုပ်ငန်းအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပါသည်။  ပလတ်စတစ်ခြင်းတောင်း လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်း ပလတ်စတစ်ကြိုးပြားများကို  ရန်ကုန် စက်ရုံများမှ ဝယ်ယူပါသည်။ ကုန်ကြမ်းအဖြစ်သုံးရသော  ပလတ်စတစ် ကြိုးစ အချော တစ်ပိဿာ လျှင် (၂၅၀၀)ကျပ်နှင့် အကြမ်း တစ်ပိဿာလျှင် (၁၇၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူရပါသည်။ ပလတ် စတစ် ကြိုးချော ၃ ပိဿာလျှင် ၅၀၀၀ ကျပ်တန် ခြင်းပလိုင်း ၁၀ လုံးခန့်ရရှိပြီး လုပ်သား(၂)ဦး အသုံးပြုရပါသည်။ လုပ်ငန်းရှင်အနေဖြင့် ပလတ်စတစ်ကြိုးချော ၃ ပိဿာ ကုန်လျှင် ဝင်ငွေ ၅၀၀၀၀ ကျပ် ရရှိပြီး၊  ကုန်ကျစရိတ်အဖြစ် ကြိုးချော ၃ပိဿာ ၇၅၀၀ ကျပ် နှင့် လုပ်သားခ(၂)ဦး ၂၀၀၀၀ ကျပ်နှုန်း ၊ စုစုပေါင်း (၂၇၅၀၀) ကျပ် ကုန်ကျပြီး၊ ခြင်းပလိုင်း(၁၀)လုံး ရောင်းရပါက အမြတ်ငွေ ၂၂၅၀၀ ကျပ် ဝင်ငွေရရှိပါသည်။ ထွက်ရှိလာသော ပလတ်စတစ်ခြင်းတောင်းများကို ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အဝေးပြေး ကားဂိတ်များမှတစ်ဆင့် နေ့စဉ်ပို့ဆောင် ပေးလျက်ရှိပါသည်။ ပလတ်စတစ်ခြင်းတောင်းသည် လူသုံးများသော ပစ္စည်းဖြစ်၍ တစ်နှစ်ပတ်လုံး ရာသီမရွေး လုပ်ကိုင်ရသော လုပ်ငန်းဖြစ်သည့်အတွက်  ပုံမှန်ဝင်ငွေကောင်းသည်ဟု လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)