သကြားတန်ချိန် ၂ သိန်း ဖိလစ်ပိုင် တင်သွင်းမည်

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများမြင့်တက်မှုမှ ကာကွယ်နိုင်ရန်နှင့် ကုန်စည်လုံလောက်မှု သေချာခိုင်မာစေရန်အတွက် အနည်းဆုံးပမာဏအားဖြင့် သကြားတန်ချိန် ၂၀၀၀၀၀ ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရှိ ရသည်။

    ဖိလစ်ပိုင် စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ၎င်းအနေဖြင့် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သကြားလုပ်ငန်းကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (SRA) သည် ဇူလိုင်လတွင်ကျင်းပမည့် အစည်းအဝေး၌ အဆိုပါသကြားတင်သွင်းမည့် အစီအစဉ်ကို အတည်ပြု ချက် ရယူမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ သကြားရောင်းလိုအား အခြေအနေကို နှိုင်းချိန်စဉ်းစားမှု အပေါ် မူတည်၍ တင်သွင်းခွင့်ပြုမည့်ပမာဏ တိုးမြှင့်ဖွယ်ရှိကြောင်း၊ ရှေ့လာမည့် အောက်တိုဘာ လတွင် နိုင်ငံတစ်ဝန်းရှိ သကြားစက်များ စတင်လည်ပတ်ထုတ်လုပ်မည့် ရာသီကာလမတိုင်မီ ဩဂုတ်လ၌ သကြားလက်ကျန်မှာ ပြတ်လပ်ဖွယ်ရှိကြောင်း ကြိုတင်တွက်ဆမှုများအရ အနည်းဆုံး သကြားပမာဏ တန်ချိန် ၂၀၀၀၀၀ ကို တင်သွင်းရမည်ဖြစ်ကြောင်း၊ ၎င်းပမာဏသည် ရိတ်သိမ်းမှု နှင့် ကြံကြိတ်ဝါးထုတ်လုပ်မှု ရာသီကာလမတိုင်မီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ သကြား တင်သွင်းမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ လွန်ခဲ့သော ၆ လ ကာလကပင် ကြံစိုက်ပျိုး ထုတ် လုပ်သူများအပါအဝင် သက်ဆိုင်သူများအားလုံးနှင့် ညှိနှိုင်းမှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖြင့် ၂၆-၆-၂၀၂၄ ရက်နေ့ ညနေပိုင်း၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

    ကြံရိတ်သိမ်းရာသီချိန်ပြင်ပနှင့် ကြိတ်ဝါးထုတ်လုပ်မှု ရာသီအလွန်ကာလများတွင် သကြား ဈေးနှုန်းများတည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် ပုဂ္ဂလိကကဏ္ဍ အတိုင်ပင်ခံကောင်စီ - လယ်ယာ စိုက်ပျိုးရေးကဏ္ဍအုပ်စုက တင်ပြခဲ့သော သကြားတင်သွင်းမှု အဆိုပြုချက်ကို ယခုနှစ် အစောပိုင်း ကပင် သမ္မတမားကို့စ်က အတည်ပြုထားပြီးဖြစ်သည်။ လက်ရှိအချိန်မှာ သကြားထုတ်လုပ်မှုရာသီ အလွန်ကာလအတွင်း ကျရောက်နေပြီဖြစ်ပြီး ကြံသီးနှံအသစ်ထွက်ပေါ် ကြိတ်ဝါးထုတ်လုပ်မှုသည် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

    SRA အာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ ဇွန်လ ၉ ရက်နေ့ရှိ သကြားကုန်ချော လက်ကျန်ပမာဏမှာ ၄၉၂၉၈၅.၇ တန်ရှိပြီး ယခင်နှစ်ကာလတူရှိ လက်ကျန် ၄၃၂၂၁၅.၀၅ တန်နှင့် နှိုင်းယှဉ်ပါက ၁၄% ပိုမိုလျက်ရှိကြောင်း၊ သကြားကုန်ကြမ်း လက်ကျန်သည် ယခင်နှစ်ကာလတူထက် ၂၉% မြင့်မားပြီး တန်ချိန် ၄၃၆၂၂၉ တန်ကျန်ရှိကြောင်း၊ ပြည်တွင်း၌ လစဉ် သကြားဝယ်လိုအားမှာ တန်ချိန် ၁၈၀၀၀၀ မှ ၂၄၀၀၀၀ အတွင်းရှိကြောင်း သိရှိရသည်။

    စိုက်ပျိုးရေးအတွင်းဝန် Tiu Laurel သည် သကြားလုပ်ငန်းဆိုင်ရာ အမိန့်အမှတ်-၂ အရ ဆောင်ရွက်မည့် သကြားတင်သွင်းမှုအစီအစဉ်ကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအမိန့် အမှတ်-၂ သည် ဒေသခံတောင်သူများထံမှ ကြံများအား အမြင့်ဈေးပေးလျက် ဝယ်ယူခဲ့မှုကို မူတည် ၍ သကြားတင်သွင်းခွင့်ရမည့်သူ၏ အရည်အချင်းသတ်မှတ်ချက်ကို အဆုံးအဖြတ်ပေးရန် ခွင့်ပြု ထားကြောင်း၊ SRA သည် တင်သွင်းရဖွယ်ရှိသည့် သကြားပမာဏအတွက် တင်သွင်းရသူများနှင့် တင်သွင်းခွင့် ခွဲဝေချထားမှုများကို စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ တောင်သူများကို ထိခိုက်မှုမရှိစေပဲ လက်လီနှင့် စက်မှုလုပ်ငန်း သုံးစွဲမှုများအတွက် လုံလောက်သော ပမာဏနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိ စေရန်အတွက် သကြားလက်ကျန်ပမာဏ အဆင့်တစ်ရပ်သို့ ရောက်ရှိချိန်၌ တင်သွင်းခွင့်ပြုမည့် အစီအစဉ်ကို စတင်မည်ဟု ယခင်ကတည်းကပင် ပြောဆိုထားပြီးဖြစ်ကြောင်းဖြင့် SRA အာဏာပိုင် အဖွဲ့မှ အမှုဆောင်အရာရှိချုပ် Pablo Luis Azcona က ၂၇-၆-၂၀၂၄ နေ့၌ ပြောဆိုခဲ့သည်။

    ဖိလစ်ပိုင် သကြားထုတ်လုပ်သူများအသင်းချုပ်၏ ဥက္ကဋ္ဌ Manuel Lamata က အစိုးရ၏ သကြားတင်သွင်းခွင့်ပြုမည့် အစီအမံသည် စက်တင်ဘာလ၌ ကြံရိတ်သိမ်းရာသီ မစတင်မီအချိန် ကာလအတွင်း ကုန်စည်ပြတ်လပ်နိုင်မှုကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ယခုနှစ် ကြံရိတ်သိမ်းမှု သည် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် နှောင့်နှေးကြန့်ကြာမှု ရှိမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ သကြားတင်သွင်းရန် အဆိုပြုချက်ကို ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

   သကြားလုပ်ငန်းနယ်ပယ်မှ ပြောဆိုမှုများအရ သကြားတင်သွင်းခွင့်ပြုရန် ကြန့်ကြာနေမှု ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် မကြာသေးမီကာလများ၌ သကြားဈေးနှုန်းများသည် စံချိန်တင်မြင့် တက်ခဲ့ပြီး လက်လီစားသုံးသူများနှင့် စက်မှုလုပ်ငန်းသုံးစွဲသူများအနေဖြင့် ကုန်စည်ရရှိရန်ခဲယဉ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း The Philippine Star သတင်းဌာနက ဖော်ပြထားသည်။

Source: The Philippine Star, 28 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)