
ပြည်မြို့ရှိ ဈေးကွက်များနှင့်ပွဲရုံများတွင် ၂၀၂၄ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်၌ မြေပဲဆန် ဆီဆန်သာမက လုံးဆန်ပါ ဈေးနှုန်းမြင့်တက်လာသည်ကိုတွေ့ရပါသည်။ ယခုအချိန်တွင် မိုးမြေပဲဆန်များ စိုက်ပျိုးချိန်ဖြစ်၍ ပြည်ခရိုင်အနေဖြင့် ၂၀၂၄ခုနှစ်၊ မေလကုန်တွင် (၂၅၂)ဧကစိုက်ပျိုးပြီး၍ ပြည်မြို့ နယ်တွင် မိုးမြေပဲစိုက်ဧက ၁၆၆ဧကနှင့် ပန်းတောင်းမြို့နယ်တွင် ၈၆ဧကစိုက်ပျိုးပြီးဖြစ်ကြောင်းသိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ မေလကုန်ပတ်တွင် မိုးမြေပဲစီမံကိန်းလျာထားစိုက်ဧက ၃၉၃၇၁ဧကအနက် အမှန်စိုက်ပျိုးသောဧကမှာ ၁၅၄၃ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခုနှစ်တွင် စိုက်ပျိုးချိန်နောက်ကျသွားသဖြင့် စိုက်ဧကနည်းသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။ မိုးမြေပဲများ စိုက်ပျိုးချိန်ဖြစ်၍ အခြားတိုင်းများမှလည်းဝင်ရောက်မှုမရှိသကဲ့သို့ ဒေသတွင်းမှလည်း ယခင်ပဲလက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်းသိရပါသည်။ ဇွန်လ နောက်ဆုံးပတ်တွင် မြေပဲဆန်ဈေးများမှာ ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ဆီဆန် (အနီ)တစ်ပိဿာလျှင် ၆၈၀၀ကျပ်နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၇၇၀၀ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် ၇၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်မေလကုန်ပတ်တွင် မြေပဲဆီဆန်(အဖြူ)တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ မြေပဲဆီဆန် (အနီ) တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြစ်ခဲ့ကာ ဇွန်လ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၈၀၀ကျပ်အထိ ဈေးနှုန်းများမြင့်တက်လာပြီး ယခင်မေလကုန်ပတ်တွင် မြေပဲလုံးဆန် (အဖြူ)မှာလည်း တစ်ပိဿာလျှင် ၆၈၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြစ်၍ ဇွန်လကုန်အပတ်နှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၀၀၀ကျပ်အထိ ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ထိုသို့ ဈေးနှုန်းများမြင့်တက်ခဲ့၍ အရောင်းအဝယ်ပါးသော်လည်း ဒေသတွင်းမြေပဲလှော်သမားများနှင့် ဆီစက်များမှလည်း ဆီကြိတ်ရန် ဝယ်ယူခြင်းများရှိနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)