ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေး

Powered by Drupal

            ယနေ့အချိန်အခါသည် အသိပညာခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ/နိုင်ငံသားအားလုံး၏ အသိပညာရှိမှု၊ တတ်မြောက်ကျွမ်းကျင်မှုနှင့် ပြောင်းလဲနေသည့် သတင်းအချက်အလက်များအပေါ်ရယူနိုင်မှုအပေါ်မူတည်နေပါသည်။ Globalization ခေတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုပုံစံတွင် မိမိတစ်ဦးတည်းသာ တည်ဆောက်လုပ်ကိုင်ခြင်းထက် လုပ်ငန်းတူများနှင့် ပေါင်းစပ်၍ အသင်းအဖွဲ့ပုံစံဖြင့် လုပ်ကိုင်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ SMEs လုပ်ငန်းများ ပေါင်းစပ်ခြင်းအားဖြင့် သတင်းအချက်အလက်ပိုမိုရရှိနိုင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံဉာဏ်ကောင်းများရရှိနိုင်ခြင်း၊ အရင်းအနှီးအင်အားပိုမိုရရှိနိုင်ခြင်းကြောင့် ပမာဏကြီးကြီး မားမားကို အရည်အသွေးရှိရှိ စရိတ်သက်သက်သာသာဖြင့် ထုတ်လုပ်လာနိုင်ခြင်းကဲ့သို့အားသာချက် များရှိလာမည်ဖြစ်ပါသည်။

          နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှု အဆင့်အတန်းကိုသိရှိလိုပါက ထိုနိုင်ငံ၏ SMEs လုပ်ငန်းများ ရှင်သန်တိုးတက်နေမှုကို ကြည့်ရုံဖြင့်သိနိုင်ပါသည်။ လက်တွေ့စီးပွားရေး အဆောက်အအုံတွင် SMEs လုပ်ငန်းသာမက အသေးစားလုပ်ငန်းများထက် ပိုမိုသေးငယ်သည့် မိသားစုလုပ်အားကိုသာ အခြေပြုသောလုပ်ငန်းများ(Miro business)လုပ်ငန်းငယ်လေးမှတစ်ဆင့် အလတ်စားလုပ်ငန်းများ(Medium business)၊ နောက်တစ်ဆင့်အနေဖြင့် လုပ်ငန်းကြီးများ (Lare Firm) နှင့်အများပိုင်ကုမ္ပဏီ(Public company)အဖြစ် အဆင့်ဆင့်ကြီးပွားတိုးတက်လာခြင်းသည် ဒေါင်လိုက်တိုးတက်မှုဖြစ်စဉ်ပင် ဖြစ်သည်။ ထို့အတူ အလျားလိုက်တိုးတက်မှုဖြစ်စဉ်တွင် လုပ်ငန်း၏ထုတ်လုပ်မှုစွမ်းအား (Productivity) တိုးတက်လာမှုအပေါ်အခြေပြုပြီး အသုံးပြုသည့်နည်းပညာနှင့် တီထွင်ကြံဆမှု(Innovation) တို့အပေါ် မူတည်ပါသည်။

       နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်မှာ ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံ(Export Led Growth Model) ကို အထူးအလေးပေးရန်လိုအပ်ပါသည်။  ထုတ်လုပ်သူလယ်သမားအဆင့်မှစပြီး ထုတ်လုပ်မှုဖြစ်စဉ် (Supply chain) တစ်လျှောက်လုံး ပါဝင်သည့်လုပ်ငန်းရှင်များ၊ တန်းဖိုးမြှင့်ဖြစ်စဉ် (Value chain) တွင် ပါဝင်သည့်လုပ်ငန်းရှင်များ၊ SMEs လုပ်ငန်းရှင်များ အသိခံယူချက်ပြောင်းလဲ တိုးတက်မှုရှိမှသာလျှင် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်မည်ဖြစ်ပြီး ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ပို့ကုန်ဖွံ့ဖြိုးစေခြင်းဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) များ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ပို့ကုန်ဖွံ့ဖြိုးမှုတွင် အမျိုးသားပို့ကုန်မဟာဗျူဟာတိုးတက်လာနိုင်ခြင်းစသည့်အကျိုးကျေးဇူးများကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

    အမျိုးသားပို့ကုန်မဟာဗျူဟာ၏ အဓိကမျှော်မှန်းချက်မှာ ထွန်းသစ်စမြန်မာနိုင်ငံတော်အတွက် ပို့ကုန်ဦးဆောင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ကြွယ်ဝမှုဆီသို့ (Sustainable export led growth and wealth for an emerging Myanmar) ဖြစ်သည့်အတွက် ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုမော်ဒယ် (Export Led growth Model) ကို ဖော်ဆောင်ပေးခြင်းပင်ဖြစ်ပါသည်။ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစင်တာမှ ကျွမ်းကျင်ပညာရှင်များပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများမှ သဘောတူရွေးချယ်ထားသည့် ဉီးစားပေးအကောင်ထည်ဖော်မည့် ကုန်စည်ပို့ကုန်ငါးမျိုးအဖြစ် ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့်ချုပ်ပြီးအထည်၊ သစ်နှင့်သစ်တောထွက်ပစ္စည်းတို့ဖြစ်ပြီး ဝန်ဆောင်မှုပို့ကုန်တစ်မျိုးကို ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း (Tourism)  အဖြစ်ရွေးချယ်ထားပါသည်။

     ဆန်စပါးသည် မြန်မာလူမျိုးများ၏ အဓိကအစားအစာဖြစ်သည့်အလျောက် အရေးပါဆုံး လယ်ယာသီးနှံဖြစ်ပါသည်။ သမိုင်းကြောင်းအစဉ်အလာအရ စစ်ကြိုခေတ်နှင့် လွတ်လပ်ရေးရပြီး အစောပိုင်းနှစ်များအထိ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့ခဲ့သည်နိုင်ငံ ဖြစ်ပါ သည်။ ၎င်းအချိန်ကရရှိခဲ့သော စီးပွားတိုးတက်မှုသည် ဆန်စပါး လုပ်ငန်းဖွံ့ဖြိုးခဲ့မှုကြောင့်ဖြစ်သည်။ အစိုးရလက်ထက်တွင် ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများ ဆက်တိုက်ပြုလုပ်လာမှုနှင့်အတူ ယခင် ဆန်ပို့ကုန်ပင်လယ်ရေကြောင်းမှသာခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် နယ်စပ်များမှတစ်ဆင့် တင်ပို့ခွင့်ပြုခဲ့သည့်အတွက် ဆန်ပို့ကုန်သိသိသာသာ တိုးတက်လာခဲ့ပါသည်။ ဈေးကွက်ဝင်ရောက်မှု အခက်အခဲ (market entry issue) များအနေဖြင့် ဈေးကွက်ကောင်းရရှိရန်အားနည်ခြင်း၊ ဈေးကွက်သတင်းရရှိရန်အားနည်းခြင်း၊ ပြည်ပနိုင်ငံများ၏ လက်ရှိဆန်အရည်အသွေးသတ်မှတ်ချက်များ သိရှိရန်အားနည်းခြင်း၊ တရုတ်နိုင်ငံသို့တရားဝင်လမ်းကြောင်းမှ တင်ပို့ရန် လိုအပ်ခြင်းတို့ရှိနေပါသေးသည်။ ဆန်စပါးကဏ္ဍသည် လယ်ယာသီးနှံများအနက် အရေးပါဆုံးဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့်အညီ တင်ပို့နိုင်မည့်ကုန်စည်(သီးနှံများစသည့်) ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီသော နည်းပညာရှင်များ(သီးနှံ) အလိုက်ကျွမ်းကျင်ပညာရှင်များနှင့် လက်တွေ့ကျကျသင်ယူခြင်း၊ စိုက်ပျိုးနိုင်သည့်ကာလ ၊ ထုတ်လုပ်မှုစရိတ်၊ တွက်ခြေကိုက်မှု စသည်များကိုလေ့လာ၍ သုတေသန စာတမ်းများပြုစုခြင်းနည်းစနစ်ကို လက်တွေ့ကျကျသင်တန်းပို့ချပေးခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်မည့်လူ၊ ပစ္စည်းများရှာဖွေခြင်း၊ ငွေကြေးပံ့ပိုးမှုရယူ အကူအညီရနိုင်ခြင်း၊ ဉပမာ-နိုင်ငံတော်(သို့မဟုတ်) ပုဂ္ဂလိကအသင်းအဖွဲ့အစည်းတို့မှ ချေးငွေအမျိုးအစားအလိုက် ပံ့ပိုးပေးနိုင်ခြင်း(ရှိ/မရှိ) သတင်းအချက်အလက်များကို ဖြန့်ဝေဆောင်ရွက်ရန်ဖြစ်ပါသည်။

    လယ်ယာသီးနှံများအနက် ပဲမျိုးစုံသည်အများဆုံးတင်နေသည့် လယ်ယာပို့ကုန်ဖြစ်ပြီး စိုက်ဧကအားဖြင့် ဒုတိယအများဆုံးဖြစ်သည့်အပြင် လယ်သမားများအတွက် ဝင်ငွေအများဆုံး ဖန်တီးပေးနိုင်သည့်(Cash crop) လည်းဖြစ်သည့်အတွက် အရေးပါသည့်သီးနှံ ဖြစ်ပါသည်။ မြန်မာ့ ပဲမျိုးစုံအများစုကို အိန္ဒိယဈေးကွက်ကို အဓိက တင်ပို့နေရဆဲဖြစ်၍ မှီ ခိုမှုများလွန်းနေသောကြောင့် ပို့ကုန်ရငွေ မတည်ငြိမ်မှုများလည်း အမြဲကြုံတွေ့နေရ‌ကြောင်း လေ့လာတွေ့ရှိနေရပါသည်။ အားသာချက်မှာ သဘာဝ ရေမြေအခြေအနေချင်း တူညီသည့်အတွက် အိန္ဒိယပဲများနှင့် မြန်မာ့ပဲများ အရောင်၊ အဆင်း၊ အနံ့ အရသာကလည်း တူညီမှုများကြောင့် အိန္ဒိယဈေးကွက်ကိုရရှိခြင်း ဖြစ်ပါသည်။ ပဲမျိုးစုံ ပို့ကုန်ဈေးကွက်သစ်များ ထိုးဖောက်နိုင်ရေးအတွက် အာရှအခြေပြုဈေးကွက် အနည်းငယ်မှ ဈေးကွက်သစ်များ( ဥရောပနိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ)သို့တင်ပို့နိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ပြီး ပဲမျိုးစုံအခြေပြုတန်ဖိုးမြှင့် ပို့ကုန်ထုတ်လုပ် တင်ပို့နိုင်ရေး ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များပေါင်းစပ်လုပ်ကိုင်ကြမည်ဆိုပါက ပဲမျိုးစုံပို့ကုန် တန်ဖိုးသိသိသာသာ တိုးချဲ့နိုင်မည်ဖြစ်ပြီး တောင်သူလယ်သမားများ၏ ဝင်ငွေကိုလည်း ယခုထက်ပိုမိုဖြည့်စွမ်းနိုင်မည် ဖြစ်ပါသည်။ ပို့ကုန်အမျိုးအစား‌ ဒေသအလိုက် ထွက်ရှိသည့် ကုန်ပစ္စည်းအမျိုးအမည်များ၊ ရှာဖွေထားရှိသည့် ကုန်စည်( သီးနှံ)ကို သုတေသနပြုလုပ်ခြင်းများ၊ သုသေတနရလဒ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကို နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ လယ်ယာထွက်ကုန် Value added များပြုလုပ်ပေးပြီး စားသောက်ကုန်များအဖြစ်ဆောင်ရွက်ခြင်း၊ ဒေသထွက်ကုန်များကို  Value added များ ပြုလုပ်ပြီးကုန်စည်ပြပွဲများပြုလုပ်ခြင်း၊ မိမိဒေသနှင့် ကိုက်ညီသည့် အခြေခံအဆောက်အဦများ အခြေအနေများအရ ညှိနှိုင်းဆောင်ရွက်ပေးခြင်းပြည်တွင်းလုပ်ငန်းရှင်များနှင့်ပြည်ပလုပ်ငန်းရှင်များ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် ပဲမျိုးစုံ ပို့ကုန် သိသိသာ တိုးချဲ့နိုင်မည်ဖြစ်ပြီး အခြားဆီထွက်သီးနှံများ၊ ရေထွက်ကုန်ပစ္စည်းများ၊အထည်အလိပ်နှင့် ချုပ်ပြီးအထည်များ၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ၊ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများကိုလည်း အလားတူဆောင်ရွက်နိုင်ပါက ပို့ကုန်များတိုးတက်လာမှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း စေတနာရှေ့ထား၍ တင်ပြအပ်ပါသည်။

DOCA(ရန်ကုန်)