ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောပွဲကို၂၀၂၂ ခုနှစ်မတ်လ ၁၄ ရက်နေ့တွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌လည်းကောင်း၊စစ်ကိုင်းတိုင်းဒေသကြီး မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ရုံးတွင်လည်းကောင်း ကျင်းပခဲ့ပါသည်။

       အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်ကျော်လွင်က အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်၊ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူရေးရာနှင့်ပတ်သက်၍ နိုင်ငံတကာတွင်ဆောင်ရွက်နေသော အခြေအနေများ၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ၊ ရည်မှန်းချက်များ၊လုပ်ငန်းတာဝန်များ၊လက်ရှိဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ဆောင်ပုဒ်များအကြောင်း၊ဌာနမှဆောင်ရွက်လျက်ရှိသော စားသုံးသူအငြင်းပွားမှုဖြေရှင်းခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူများသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင်နစ်နာမှုကြုံရပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်းကြားနိုင်မည့် နည်းလမ်းများစသည်တို့နှင့် ပတ်သက်၍အသေးစိတ်ရှင်းလင်းဆွေးနွေးကြပါသည်။

        အခမ်းအနားသို့ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ဝန်ထမ်းများ ၊မုံရွာမြို့နယ်စာရေးဆရာများအသင်းမှ စာရေးဆရာများ၊သတင်းထောက်များ၊ စိတ်ဝင်စားသူပြည်သူများတက်ရောက်ခဲ့ကြပြီး တက်ရောက်သူများအား စားသုံးသူရေးရာနှင့် ပတ်သက်သော လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)