တင်ပို့မှုပြန်လည်နာလန်ထူလာမှုက ဗီယက်နမ်စီးပွားရေးကြီးထွားမှုအရှိန်မြှင့်တင်ရန် ကူညီ

Powered by Drupal

       ယခုနှစ်၏ ပထမနှစ်ဝက်ကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်ပတင်ပို့မှုတန်ဖိုးခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၁၈၈.၉၇ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၃.၈ရာခိုင်နှုန်းတိုးတက်လာကြောင်း စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT)လက်အောက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဦးစီးဌာန၏ အစီရင်ခံစာအရသိရပါသည်။ ဌာန၏ညွှန်ကြားရေးမှူး Bui Duy Son က နိုင်ငံများစွာ၏ ကုန်ပစ္စည်းများတင်သွင်းမှု တစ်ဖန်ပြန်လည်မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာလုံးဆိုင်ရာစီးပွား‌ရေးအပေါင်းလက္ခဏာဆောင်သည့် လမ်းကြောင်းရောက်ရှိနေခြင်းသည် ၂၀၂၄ခုနှစ်တွင် ဗီယက်နမ်တင်ပို့မှုအတွက် ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ၎င်းသည် ဗီယက်နမ်နိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးကို ၆ရာခိုင်နှုန်းပတ်ချာလည် အရှိန်မြှင့်တင်ရန်အတွက် အရေးကြီးသည့်အချက်ရှိကြောင်းသိရပါသည်။ ပြုပြင်ခြင်းနှင့်ကုန်ထုတ်လုပ်ခြင်းနယ်ပယ်သည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၉.၉၂ဘီလီယံဖြင့် အဓိကနေရာတွင်ရှိနေပြီး စုစုပေါင်းတင်ပို့မှု၏ ၈၄.၆၃ရာခိုင်နှုန်းရှိကာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၃.၈ရာခိုင်နှုန်းမြင့်တက်လာကြောင်းသိရပါသည်။ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ ၁၈.၂၁ဘီလီယံဖြင့် လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၈.၈ရာခိုင်နှုန်းမြင့်တက်လာကြောင်းသိရပါသည်။ MoIT ၏အဆိုအရ ဇန်နဝါရီ- ဇွန်ကာလအတွင်း ကုန်ပစ္စည်းများတင်သွင်းမှု-တင်ပို့မှုမှာ ခန့်မှန်းတန်ဖိုး ၃၆၉.၅၉ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၆.၀၃ရာခိုင်နှုန်းမြင့်တက်လာကာ ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၈.၄ဘီလီယံရရှိခဲ့ကြောင်းသိရပါသည်။ စက်မှုနှင့်ကုန်သွယ်ရေး ဒုတိယဝန်ကြီး Phan Thi Thang က ဈေးကွက် (၆၀)ကျော်ပါဝင်သည့် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်(FTAS)ကွန်ရက်သည် ပြည်တွင်းမှ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတင်ပို့မှုအရှိန်မြှင့်တင်ရန်နှင့် အကောက်ခွန်ဦးစားပေးမှုအခွင့်အလမ်းများရယူရန် အခွင့်အလမ်းများတိုးချဲ့ပေးနေကြောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနသည် ထုတ်ုလုပ်မှုကိုလှုံ့ဆော်နိုင်မည့် ဖြေရှင်းချက်များ၊ ပြည်တွင်းဈေးကွက်နှင့် ပြည်ပတင်ပို့ရန်အတွက် ထောက်ပံ့မှုတည်ငြိမ်စေရေး၊ စွမ်းအင်လုံခြုံစိတ်ချရမှုသေချာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

         ကမ္ဘာ့ဘဏ်၏ စာရင်းအင်းအချက်အလက်အရ ဗီယက်နမ်နိုင်ငံ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတင်ပို့မှုတန်ဖိုးသည် ၎င်းတို့၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၉၄ရာခိုင်နှုန်းရှိပြီး တစ်ကမ္ဘာလုံးတွင် နံပါတ်(၁၄)နေရာ၌ ရပ်တည်လျက်ရှိနေကြောင်းသိရပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဝယ်ယူနိုင်စွမ်းအားတိုးတက်လာမှုသည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအပေါ် သိသိသာသာအကျိုးသက်ရောက်စေကြောင်းသိရပါသည်။ အမေရိကန်၊ ဥရောပသမဂ္ဂ၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့သို့ တင်ပို့မှုသည် ၂၂.၃ရာခိုင်နှုန်း၊  ၁၆.၁ရာခိုင်နှုန်း၊ ၁၀.၉ရာခိုင်နှုန်းနှင့် ၃.၂ရာခိုင်နှုန်း အသီးသီးမြင့်တက်လာခဲ့ပြီး အားကောင်းစွာကြီးထွားလာကြောင်းသိရပါသည်။ ပညာရှင်များကလည်း ဖွံ့ဖြိုးပြီးဈေးကွက်များနှင့် အမေရိကန်မှ တင်သွင်းမှုမြင့်တက်လာခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၏တင်ပို့မှုမှာ ၂၀၂၄ခုနှစ် ဒုတိယနှစ်ဝက်နှင့် ၂၀၂၅ ခုနှစ်တို့တွင် သိသာထင်ရှားစွာကြီးထွားလာမှုကိုတွေ့မြင်နိုင်ရန် မျှော်လင့်ရကြောင်း အပေါင်းလက္ခဏာဆောင်သည့် စီးပွားရေးခန့်မှန်းချက်များပြောကြားခဲ့ကြပါသည်။

Source: Vietnam plus

DOCA(ရန်ကုန်)