ဗီယက်နမ်နိုင်ငံ၏ ယခုနှစ်အတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှု ရည်မှန်းချက်ပြည့်မီနိုင်

Powered by Drupal

       ဗီယက်နမ်နိုင်ငံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဒုတိယဝန်ကြီး Phung Due Tien က ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ လယ်ယာ-သစ်တော-‌ရေထွက်ကုန်တင်ပို့မှုသည် ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ (၅၅-၅၆) ဘီလီယံကိုရောက်ရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ် ပထမနှစ်ဝက်တာကာလ၏ တင်ပို့မှုရလဒ်များသည် ရည်မှန်းချက်ပြည့်မီရန်အတွက် အခြေခံအုတ်မြစ်ကို ဖန်တီးနိုင်ခဲ့ကြောင်းသိရပါသည်။

       ယခုနှစ်၏ ပထမ(၆)လတာကာလတွင် လယ်ယာ-သစ်‌တော-ရေထွက်ကုန်တင်ပို့မှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၂၉.၂ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၉ရာခိုင်နှုန်းမြင့်တက်လာကြောင်းသိရပါသည်။ လယ်ယာထွက်ကုန်များတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၅.၇၆ရာခိုင်နှုန်း(၂၄.၄ရာခိုင်နှုန်းမြင့်တက်)၊ အဓိကသစ်တောထွက်ကုန်များတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇.၉၅ဘီလီယံ(၂၁.၂ရာခိုင်နှုန်းမြင့်တက်)၊ ရေထွက်ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄.၃၆ဘီလီယံ(၄.၉ရာခိုင်နှုန်းမြင့်တက်)၊ စိုက်ပျိုးမွေးမြူမှုထုတ်ကုန်များတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၄၀သန်း(၃.၈ ရာခိုင်နှုန်းမြင့်တက်) အသီးသီးရှိခဲ့ကြောင်းသိရပါသည်။

      ကော်ဖီ၊ ရော်ဘာ၊ ဆန်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ သီဟိုဠ်စေ့၊ ပုစွန်နှင့် သစ်ထွက်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ဘီလီယံကျော် အသီးသီးစီရရှိခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် ယခုနှစ် ပထမ(၆)လတာကာလတွင် အမေရိကန်ဒေါ်လာ ၂.၉၈ဘီလီယံတန်ဖိုးရှိသည့် ဆန်တန်ချိန် ၄.၆၈သန်း၊ အမေရိကန်ဒေါ်လာ ၁.၉၂ဘီလီယံတန်ဖိုးရှိသည့် သီဟိုဠ်စေ့တန်ချိန်၃၅၀၀၀၀နှင့် အမေရိကန်ဒေါ်လာ ၃.၂၂ဘီလီယံတန်ဖိုးရှိသည့် ကော်ဖီတန်ချိန် ၉၀၂၀၀၀တင်ပို့ခဲ့ကြောင်းသိရပါသည်။

      ယခုနှစ် ပထမနှစ်ဝက်တွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ၂၀၂၃ခုနှစ်ကုန်ပိုင်းတွင် ခွင့်ပြုချက်ရရှိခဲ့သည့် တရုတ်၊ အမေရိကန်၊ ဂျပန်နှင့် ဥရောပသမဂ္ဂတို့ပါဝင်သည့် အဓိကဈေးကွက်များသို့ လယ်ယာ-သစ်တော-ရေထွက်ကုန်များ တင်ပို့မှုမြှင့်တင်ရန်စီမံကိန်းများကို အကောင်အထည်ဖော်ရန် အာရုံစိုက်ခဲ့ကြောင်းသိရပါသည်။ အဆိုပါကြိုးပမ်းအားထုတ်မှုများကျေးဇူးကြောင့် တင်ပို့မှုတန်ဖိုးဆက်လက်မြင့်တက်ခဲ့ပြီး ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၈.၂၂ဘီလီယံရရှိခဲ့ကာ လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၆၂.၄ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။

         အမြင့်ဆုံးကုန်သွယ်ရေးပိုငွေပြခဲ့သည့် အမျိုးအစား(၅)ခုမှာ သစ်နှင့်သစ်‌တောထုတ်ကုန်များ(အမေရိကန်ဒေါ်လာ ၆.၁၆ဘီလီယံ)၊ ကော်ဖီ(အမေရိကန်ဒေါ်လာ ၃.၁၄ဘီလီယံ)၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးများ(အမေရိကန်ဒေါ်လာ ၂.၄ဘီလီယံ)၊ ဆန်(အမေရိကန်ဒေါ်လာ ၂.၃၁ဘီလီယံ)နှင့် ပုစွန်(အမေရိကန်ဒေါ်လာ ၁.၄၃ဘီလီယံ)တို့ဖြစ်ကြောင်းသိရပါသည်။

Source: Vietnam plus

DOCA(ရန်ကုန်)