ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းကားဈေးကွက်သည် ပြည်တွင်း၌ထုတ်လုပ်သည့်ကားများနှင့် တပ်ဆင်သည့်ကားများအတွက် မှတ်ပုံတင်ကြေးကို တစ်ဝက်ဖြတ်တောက်ပေးရန် အဆိုပြုခွင့်ပြုချက်ရပါက ၂၀၂၄ခုနှစ် နောက်ဆုံးလများတွင် ပြန်လည်နာလန်ထူလာရန် မျှော်လင့်ရကြောင်းသိရှိရပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာအေဂျင်စီများကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁ရက်နေ့မှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့အထိ သက်ရောက်မှုရှိမည်ဟုယူဆရသည့် မှတ်ပုံတင်ကြေးများ ဆက်လက်လျှော့ချမည့်အပေါ် ၎င်းတို့၏တုံ့ပြန်ချက်များကိုစုစည်းတင်ပြရန် ညွှန်ကြားထားကြောင်းသိရပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၏အဆိုအရ ပြည်တွင်းမော်တော်ကားထုတ်လုပ်တပ်ဆင်မှုလုပ်ငန်းများသည် ၎င်းတို့၏ကဏ္ဍနှင့်နေရာကို ကနဦး၌ အခိုင်အမာရပ်တည်နိုင်ခဲ့ပြီး အရေအတွက်ပိုင်းနှင့် အရည်အသွေးပိုင်းတို့တွင် သိသာထင်ရှားစွာကြီးထွားလာကာ နိုင်ငံတော်ဘတ်ဂျက်ထဲသို့ ဘီလီယံနှင့်ချီသောဒေါ်လာငွေများ ထည့်ဝင်စေနိုင်ခဲ့ကြောင်းသိရပါသည်။ သို့သော် ၂၀၂၄ခုနှစ်၏ အစောပိုင်းလများတွင် မော်တော်ကားရောင်းချမှုများမှာ သိသာစွာကျဆင်းခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်မော်တော်ကားထုတ်လုပ်သူများအသင်း(VAMA)၏အဆိုအရ ၎င်းတို့၏အဖွဲ့ဝင်များသည် ယခုနှစ်၏ ပထမ(၅)လတွင် ကားအစီးရေ ၁၀၈၃၀၉စီးရောင်းချခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၅ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အဆိုပြုထားသည့် မှတ်ပုံတင်ကြေးလျှော့ချခြင်းသည် သုံးစွဲမှုကိုလှုံ့ဆော်ခြင်း၊ တစ်ဦးတစ်ယောက်ချင်းစီနှင့် စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုပံ့ပိုးပေးနိုင်ခြင်းနှင့် စိန်ခေါ်မှုရှိနေသော စီးပွားရေးပတ်ဝန်းကျင်မှ ပြည်တွင်းမော်တော်ကားထုတ်လုပ်တပ်ဆင်သည့်နယ်ပယ်ကို အရှိန်မြှင့်တင်နိုင်မည်ဟုပြောကြားခဲ့ပါသည်။ ထိုဖြတ်တောက်မှုသည် ဝယ်ယူသူများအား သိသာသည့်ငွေပမာဏကိုသက်သာစေမည်ဟုသိရပါသည်။ ယခုနှစ်၏အစပိုင်းမှစ၍ များစွာသောကားထုတ်လုပ်သူများသည် ပြည်တွင်းထုတ်လုပ်တပ်ဆင်သည့် ကားများသာမက တင်သွင်းသည့်ကားများအတွက်ပါ ရောင်းချမည့်ဈေးနှုန်းများနှင့် ဦးစားပေးမှတ်ပုံတင်ကြေးများကို ညှိနှိုင်းခဲ့ကြကြောင်းသိရပါသည်။ သို့သော် စားသုံးသူများသည် ယခုနှစ်တွင် အစိုးရကမှတ်ပုံတင်ကြေးများ ဆက်လက်လျှော့ချကမ်းလှမ်းမည်ကိုမျှော်လင့်၍ ၎င်းတို့၏ဝယ်ယူမှုများကို စောင့်ဆိုင်းနေကြကြောင်း ကျွမ်းကျင်သူများ၏အဆိုအရသိရပါသည်။ VAMA မှ တာဝန်ရှိသူများကလည်း မှတ်ပုံတင်ကြေးဖြတ်တောက် ခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါသက်ရောက်မှုကြောင့် ကားရောင်းချမှုများလျှော့ကျခြင်းနှင့် စီးပွားရေးခက်ခဲမှုများကိုကုစားရန် အတွက် အလွန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါဖြတ်တောက်ခြင်းကိုကျင့်သုံးပါက ပြည်တွင်းမော်တော်ကားနယ်ပယ်ကို ပံ့ပိုးပေးနိုင်ရုံသာမက ကားများအတွက် ဝယ်လိုအားနှင့် စီးပွားရေးကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်မည်ဟုသိရပါသည်။
Source: Vietnam plus
DOCA(ရန်ကုန်)