အင်ဒိုနီးရှားနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး သဘောတူ

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှုအာဏာပိုင်အဖွဲ့(INA)နှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးတို့ နှစ်ဦးနှစ်ဖက်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး နားလည်မှုသဝဏ်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ MOU ကို INA ဒါရိုက်တာများဘုတ်အဖွဲ့၏ဥက္ကဋ္ဌ Ridha Wirakusumah နှင့် ဩစတြေးလျသံအမတ်ကြီး Penny Williams တို့က ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၈ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း INA က ထုတ်ပြန်ချက်အရသိရပါသည်။ Wirakusumah က MOU သည် အင်ဒိုနီးရှားတွင် ဩစတြေးလျ၏ ရင်းနှီးမြှုပ်နှံမှုများကိုအရှိန်မြှင့်တင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်းနှင့် ယခုပူးပေါင်းမှုတွင် ဩစတြေးလျ၏ ရင်းနှီးမြှုပ်နှံမှုများမှာ အင်ဒိုနီးရှားနိုင်ငံဖွံ့ဖြိုးတိုးတက်ကြီးထွားလာစေရေးကို ပံ့ပိုးပေးမည့်အဓိကကဏ္ဍများကို မြှင့်တင်ပေးမည်ဟုပြောကြားခဲ့ပါသည်။ ဩစတြေးလျသံရုံး၏ ရင်းနှီးမြှုပ်နှံမှုသ‌‌ဘောတူညီချက်အသင်းအသစ်၏ ကူညီမှုပါဝင်မှုနှင့်အတူ ပရိုဂရမ်က အင်ဒိုနီးရှားနိုင်ငံတွင် ဩစတြေးလျရင်းနှီးမြှုပ်နှံမှုများမြင့်တက်လာစေရေး ဆောင်ရွက်သွားမည်ဟု သိရပါသည်။ အဆိုပါအသင်းသည် ပုဂ္ဂလိကစီးပွားရေးသမားများ၊ အစိုးရများ၊ ငွေကြေးဝန်ဆောင်မှုများတွင် အင်ဒိုနီးရှား၌ ဩစတြေးလျ၏ ရင်းနှီးမြှုပ်နှံမှုအရှိန်ကိုလှုံ့ဆော်ပေးရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ သံအမတ် Willliams က ရင်းနှီးမြှုပ်နှံမှုအသင်းသည် INA နှင့်ပူးပေါင်း၍ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကိုရွေးချယ်ရန်နှင့် ဩစတြေးလျရင်းနှီးမြှုပ်နှံမည့်သူများအား အဆိုပါ အခွင့်အရေးများကိုအသုံးချနိုင်ရေး အဆင်သင့်ဖြစ်နေစေရန် ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ ပါသည်။ သံရုံးအသင်းသည် အင်ဒိုနီးရှားတွင် ဩစတြေးလျ၏ စီးပွားရေးသမားများ စီးပွား‌ရေးအခွင့်အလမ်းနှင့်အလုပ်အကိုင်များကို နှစ်နိုင်ငံလုံးတွင် ဖန်တီးနိုင်ရန် ကြိုးစားမြှင့်တင်သွားမည်ဟုသိရပါသည်။ ထို့ပြင် သံအမတ်ကြီးက အင်ဒိုနီးရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို နောက်တစ်ဆင့်သို့မြှင့်တင်သွားမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသည် ဩစတြေးလျ၏ အဓိကမိတ်ဖက်များအနက် တစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

Source: Antara News

DOCA(ရန်ကုန်)