ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဆောင်ပုဒ်များ

Powered by Drupal

              နှစ်စဉ်မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ထားပါသည်။ စားသုံးသူကာကွယ်ပေးရေး၊ စားသုံးသူအခွင့်အရေး မြှင့်တင်ဖော်ဆောင်ပေးနိုင်ရေးအတွက် အလေးထား ဂရုပြုသင့်သည့်ကဏ္ဍနှင့်ပတ်သက်သော အသိပညာပေးလှုံ့ဆော်မှုများကို ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့အစည်းဖြစ်သည့် Consumer International က နှစ်စဉ်အထိမ်းအမှတ် ဆောင်ပုဒ်များသတ်မှတ်ထုတ်ပြန်လေ့ရှိပါသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Fair Digital Finance” ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ ဟူ၍ဖြစ်ပါသည်။

              ဒီဂျစ်တယ်ငွေကြေးကဏ္ဍဆိုသည်ကို လေ့လာကြည့်လျှင် စီးပွားရေးဖွံ့ဖြိုးရေးအတွက် တိုးတက်လာသောနည်းပညာကို အသုံးပြုခြင်းပင်ဖြစ်ပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်းဟူသော ကမ္ဘာ့ကွန်ယက်ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဖျော်ဖြေရေး၊ သတင်းအချက်အလက်ဆက်သွယ်ရေးတို့ကို ကွန်ပျူတာအင်တာနက်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ စီးပွားရေးကဏ္ဍတွင် သမားရိုးကျကြော်ငြာခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းနှင့် ငွေလွှဲပြောင်းပေးပို့ခြင်းများဆောင်ရွက်ခဲ့ရာက ဒီဂျစ်တယ်နည်းစနစ်ကိုအသုံးပြုခြင်းသည် ထိရောက်သောအကျိုးဖြစ်ထွန်းကြောင်းတွေ့လာသည်။ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အဓိကတွန်းအားတစ်ရပ်ဖြစ်ပြီး ကမ္ဘာအရပ်ရပ်ရှိ စီးပွားရေးလုပ်ငန်းများကဲ့သို့ပင် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းအတွင်း ဝင်ရောက်နိုင်မှ နိုင်ငံစီးပွားမြန်ဆန်စွာ တိုးတက်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြခဲ့ကြသည်။ ထိုကဲ့သို့ချိတ်ဆက်ဆောင်ရွက်ပါက အခြေအနေတစ်ခုကြောင့်ပြိုလဲလျှင် ချိတ်ဆက်ထားသူများလည်း ထိခိုက်မှာဖြစ်ပေမယ့် ထိုသို့စွန့်စားမှုမယူနိုင်ပါက အောင်မြင်မှုအကျိုးကိုမခံစားရတော့ဘဲ နောက်ကျကျန်နေခဲ့မည်ဖြစ်ကြောင်း သိလာကြပါသည်။

          ဒီဂျစ်တယ်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ ရည်မှန်းချက်တူညီစွာလျှောက်လှမ်းကြသည်။ ဒီဂျစ်တယ်နည်းစနစ်ကြောင့် ကမ္ဘာ့ဈေးကွက်အထိအမြင်ကျယ်လာပြီး လက်ဝါးကြီးအုပ်လုပ်ငန်းများ လုပ်ဆောင်၍မရတော့ဘဲ ပြိုင်ဘက်များပြားလာသဖြင့် ဝန်ဆောင်မှုအသစ်တွေ ပိုမိုကောင်းမွန်လာပြီး စားသုံးသူတွေကို များစွာအကျိုးရှိစေပါသည်။ မိုဘိုင်းကွန်ရက်အော်ပရေတာများ၊ ဘဏ်များ၊ ငွေပေးချေမှုဝန်ဆောင်မှုပေးသူများ၊ Website နှင့် App ရေးသူများ၊ Digital Marketing, Online Shopping နှင့် ပစ္စည်းပို့ဝန်ဆောင်မှုပေးသူများ၊ စီးပွားရေးလုပ်ငန်းများ၊ လက်လီလက်ကားရောင်းချသူများ ကဏ္ဍပေါင်းစုံ အလုပ်အကိုင်အခွင့်အလမ်းရရှိလျက်ရှိပါသည်။ ဒီဂျစ်တယ်စနစ်ဖြင့် လုပ်ခလစာပေးချေခြင်း၊ ဖုန်းဘီလ်ဖြည့်ခြင်း၊ ရုပ်သံလိုင်းဖြည့်ခြင်း၊ အခွန်ဆောင်ခြင်း၊ ကတ်ဖြင့်ဓာတ်ဆီဖြည့်ခြင်း၊ ရင်းနှီးမြှုပ်နှံအပ်နှံစုဆောင်းခြင်း၊ ချေးငွေဝန်ဆောင်မှု၊ အာမခံဝန်ဆောင်မှုများရယူနိုင်ခြင်း၊ ငွေစာရင်းရှင်းတမ်းဆောင်ရွက်ခြင်း စသည်ဖြင့်မြောက်များစွာ အသုံးပြုနေကြပြီဖြစ် ပါသည်။

         ဒီနေရာတွင် ဒီဂျစ်တယ်ငွေကြေးဆိုသည်မှာ စီးပွားရေး၊ ဘဏ္ဍာရေးကဲ့သို့ စနစ်တစ်ခုဖြစ်ပါသည်။ Bitcoin ခရစ်တိုcurrency စသည့် ဒီဂျစ်တယ်ငွေကြေးဆိုသည်မှာ နိုင်ငံတစ်ခုခုက ထုတ်ထားတဲ့ငွေကြေး၊ အကောင်အထည်ပြနိုင်တဲ့ငွေကြေးမဟုတ်ဘဲ ဒီဂျစ်တယ်ပိုင်ဆိုင်မှုတစ်မျိုးသာဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုမထားကြောင်းနှင့် တရားဝင်ငွေကြေးအဖြစ်သတ်မှတ်မထားကြောင်း၊ မြန်မာငွေအချင်းချင်းလွှဲပြောင်းခြင်းမဟုတ်ဘဲ မြန်မာငွေနှင့် ခရစ်တိုcurrencyကို အရောင်းအဝယ်ပြုလုပ်ပါက သုံးစွဲသူများ နစ်နာဆုံးရှုံးနိုင်ခြေရှိကြောင်း ၂၀၂၀ ပြည့်နှစ် မေလ ၁၅ ရက် နေ့က အသိပေးထုတ်ပြန်ထားပါသည်။ နိုင်ငံအသီးသီးသည် ငွေကြေးဆိုင်ရာမူဝါဒများနှင့် ပတ်သက်၍ နည်းပညာ လေ့လာခြင်း၊ စမ်းသပ်သုတေသနပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဥပဒေ စည်းမျဉ်း စည်းကမ်းများရှိသော်လည်း ပျော့ကွက်ဟာကွက်ကို ရှာကြံ၍ စည်းကမ်းချိုးဖောက်လိုသူများကို ထိန်းသိမ်းကြပ်မတ်ပေးခြင်းဖြင့် စားသုံးသူအခွင့်အရေးထိခိုက်မှုမရှိစေရေးကို ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

           ဒီဂျစ်တယ်ငွေကြေးကဏ္ဍကို မြန်မာနိုင်ငံတွင် စမတ်ဖုန်းများအသုံးမများစဉ်က ကွန်ပျူတာ အင်တာနက်ရရှိသော လုပ်ငန်းများသာ အကန့်အသတ်ဖြင့်ဆောင်ရွက်နိုင်ခဲ့သည်။ ယနေ့တော့ မြို့ပြ သာမက ပြည်သူအများစုနေထိုင်သည့် ကျေးလက်ဒေသများပါ အင်တာနက်အသုံးပြုနိုင်ပြီး မိုဘိုင်း ဖုန်းများကို လူတိုင်းနီးပါးအသုံးပြုနေပြီဖြစ်သဖြင့် အွန်လိုင်းငွေပေးချေမှုများကို ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နေကြရာတွင် ဝန်ဆောင်မှုပေးသည့်စနစ်၏ လိုအပ်ချက်အားနည်းချက်များကြောင့်လည်းကောင်း၊ အသုံးပြုသူများ၏ ကျွမ်းကျင်မှုစွမ်းဆောင်ရည်နည်းပါးမှုကြောင့်လည်းကောင်း လိမ်ညာထုတ်ယူမှုများ၊ မှားယွင်းရောက်ရှိမှုများကြောင့် ငွေကြေးနစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရလျက်ရှိပါသည်။

             စားသုံးသူရေးရာဦးစီးဌာနက ဖြေရှင်းပေးရသည့် တိုင်ကြားမှုများအနက် ငွေကြေးဝန်ဆောင်မှုနှင့် ပတ်သက်သည့်တိုင်ကြားမှုအများစုတွင် ငွေလွှဲသူမှ ငွေလွှဲလက်ခံသူသို့ ငွေကြေးလွှဲပြောင်းပေးပြီးနောက် ငွေလက်ခံမည့်သူက ထုတ်ယူခြင်းမပြုမီ လိမ်လည်သူများက ထုတ်ယူခဲ့သည့် တိုင်ကြားမှုဖြစ်စဉ် များပြားပါသည်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် လျှို့ဝှက်နံပါတ်ကို ခန့်မှန်းရလွယ်သည့် ဂဏန်းများ အသုံးမပြုရေး၊ ငွေလွှဲအချက်အလက်များဖြစ်သော လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ OTP နှင့် PIN တို့ကို တခြားသူသိရှိအောင်မျှဝေခြင်းမပြုရေးနှင့် Online Shopping ဆောင်ရွက်ရာတွင် ဂရုပြုရမည့် အချက်တို့ကို အသိပေးထုတ်ပြန်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောရာ တွင်ထည့်သွင်းပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးအစီအစဉ် (၂၀၂၁-၂၀၂၅) လုပ်ငန်းစီမံချက်နှင့်အညီ ငွေကြေးဝန်ဆောင်မှုကဏ္ဍတွင် စားသုံးသူအခွင့်အရေးနှင့် အကျိုး စီးပွားကို ကာကွယ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါသည်။

           ယခုနှစ်ဆောင်ပုဒ်အကြောင်းလေ့လာပြီးနောက် ယခင်နှစ်ဆောင်ပုဒ်များကို ဆက်လက်တင်ပြလို ပါသည်။ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် အရည်အသွေးမြင့်မားသည့် ကုန်စည်နှင့်ဝန်ဆောင်မှု များကို ဖော်ဆောင်ပေးနိုင်ခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ချန်လှပ်ထား၍မရကြောင်း နိုင်ငံအသီးသီးကသိမြင်လာပြီးနောက် မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်မှစတင်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး ၂၀၁၄ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကိုပြဌာန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂၀၁၆ ခုနှစ်တွင် စားသုံးသူရေးရာဦးစီးဌာနဟူ၍ ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေကို အသစ်ပြင်ဆင်ပြဌာန်းကာ စားသုံးသူများလုံခြုံ စိတ်ချရမှုရှိစေရန်နှင့် စားသုံးသူအခွင့်အရေးများရရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူ အခွင့်အရေးများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုသုံးစွဲရာမှ နစ်နာဆုံးရှုံးမှုကြောင့် တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးလျက်ရှိပါသည်။ အဆိုပါ ၂၀၁၆ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၌ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အဖြစ် မီဒီယာကမ်ပိန်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပေးပိုစတာစိုက်ထူခြင်း၊ ဟောပြောဆွေးနွေးပွဲအခမ်းအနားများကို ကျင်းပခဲ့ပါသည်။ စားသုံးသူအားလုံး၏ အခြေခံအခွင့်အရေးများကို မြှင့်တင်နိုင်ပြီး အလေးထား ကာကွယ်ပံ့ပိုးပေးနိုင်မှုများ တိုးတက်လာစေရန်ရည်ရွယ်၍ နှစ်စဉ်ဦးတည်ချက် ဆောင်ပုဒ်များ သတ်မှတ် ထုတ်ပြန်လျက်ရှိရာ အဆိုပါဆောင်ပုဒ်များနှင့်အညီ စားသုံးသူရေးရာဦးစီးဌာနက လှုပ်ရှားဆောင်ရွက် ခဲ့ပါသည်။

         ၂၀၁၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်မှာ “ Antibiotics off the Menu” ပဋိဇီဝဆေးအန္တရာယ်ဘေး အစားအစာမှဖယ်ရှားပေး ဟူ၍ဖြစ်ပါသည်။ မွေးမြူရေးကြက်၊ ဝက်၊ နွားများကို အသားတိုးစေရန်နှင့် ရောဂါဒဏ်ခံနိုင်စေရန် ပဋိဇီဝဆေးများတိုက်ကျွေးမှုများပြားသော အတိုင်းအဆမှန်ကန်စွာမသုံးစွဲခဲ့သော အဆိုပါအသားများမှထုတ်လုပ်သည့်အစားအစာများကို စားသုံးမိ သည့် လူသားတို့မှာ ရောဂါဖြစ်ပွားလာပါက ဆေးမတိုးတော့ဘဲ ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်များကို ကြုံတွေ့ရသဖြင့် အဆိုပါမွေးမြူရေးလုပ်ငန်းများ၊ အသားထုတ်လုပ်သည့် ကုမ္ပဏီများ၊ အမြန်စာ ရောင်းချသည့်ဆိုင်များကိုကြပ်မတ်ပေးရန် နိုင်ငံအသီးသီးက တိုက်တွန်းအသိပညာပေးမှုများ ဆောင်ရွက် ခဲ့ကြပါသည်။ အထိမ်းအမှတ်အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ရုံးတွင်ကျင်းပခဲ့ပြီး စာရေးဆရာမဂျူးအပါအဝင်ပညာရှင်များက စားသုံးသူအခွင့်အရေးကာကွယ်ရေး ဆိုင်ရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

         ၂၀၁၇ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်မှာ “Building a Digital World Consumers can Trust ” စားသုံးသူတွေယုံကြည်စိတ်ချနိုင်ဖို့ ဒီဂျစ်တယ်ကမ္ဘာတည်ဆောက်စို့ ဟူ၍ဖြစ် ပါသည်။ အင်တာနက်သုံးစွဲနိုင်ခြင်းမညီမျှမှုကိုလျှော့ချပြီး အားလုံးသုံးစွဲနိုင်မယ့်အခွင့်အရေးရအောင် ဆောင်ရွက်ပေးရေးနှင့် အွန်လိုင်ကနေဈေးဝယ်ရာမှာ လိမ်ညာမှုတွေ၊ ကုန်ပစ္စည်းအတုတွေကြုံတွေ့ရလို့ နစ်နာမှုတွေကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ကြခြင်းဖြစ်ပါသည်။ အထိမ်းအမှတ်အခမ်းအနားကို မြို့တော်ခန်းမ မန္တလေးမြို့တွင် အသိပညာပေးပြခန်းများ၊ ဆွေးနွေးပွဲ၊ ဖျော်ဖြေပွဲ အပါအဝင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

        ၂၀၁၈ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်မှာ “Consumer Justic Now” ဟူ၍ဖြစ်ပါသည်။ “စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ပေး” ဟူသည့်ဆောင်ပုဒ် နှင့်အညီ ကျင်းပသည့် ကမ္ဘာ့စာသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View Resort Hotel တွင်ကျင်းပရာ သက်ဆို်ငရာဌာနများ၊ NGOအဖွဲ့အစည်းများတက်ရောက်ခဲ့ကြပြီး စားသုံးသူများကိုယ်တိုင် မိမိတို့၏အခွင့်အရေးများကို သိရှိရန်နှင့် စားသုံးသူများ၏ အခြေခံအခွင့်အရေး များကိုမြှင့်တင်နိုင်ရန်အတွက် တွန်းအားပေးလှုံဆော်သည့်အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ စားသုံးသူ များအပေါ်ကာကွယ်ပေးသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့်မာသည့် ကုန်စည်များကို ထုတ်လုပ်တင်ပို့ရောင်းချနိုင်သည့်အခွင့်အလမ်းများ ရရှိစေရန် ဖော်ဆော်ပေးနေခြင်းဖြစ်ကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှုများအတွက် ကုစားပေး၊ အရေးယူ ဆောင်ရွက်ပေးရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

         ၂၀၁၉ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်မှာ “Trusted Smart Products ” စိတ်ချယုံကြည် ဒီဂျစ်တယ်ထုတ်ကုန်များဆီ ဟူ၍ ဖြစ်ပါသည်။ ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ အဆင့်မြင့်နည်းပညာထုတ်ကုန်များ၊ လူသုံး၊ အိမ်သုံး၊ လုပ်ငန်းသုံးဖြစ်သော မိုဘိုင်းဖုန်း၊ ဒီဂျစ်တယ်နာရီ၊ CCTV ၊ လက်ဗွေစနစ် စသည့် Smart Products များထုတ်လုပ်သုံးစွဲမှုကျယ်ပြန့်လာရာ ထိုပစ္စည်းများကြောင့် ဆိုးကျိုးမဖြစ်စေဘဲ ကောင်းကျိုးဖြစ်ထွန်းတဲ့ အခွင့်အရေးတွေပိုမိုရရှိစေဖို့ ထုတ်လုပ်တဲ့လုပ်ငန်းရှင်များ ဂရုပြုနိုင်အောင် နိုင်ငံအသီးသီးက ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ ထိန်းချုပ် ကွပ်ကဲမှုများကို ဆောင်ရွက်သွားနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခဲ့ကြပါသည်။ အထိမ်းအမှတ်အခမ်းအနား ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမတွင် မီဒီယာကမ်ပိန်းအပါအဝင် အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

        ၂၀၂၀ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်မှာ “The Sustainable Consumer” စားသုံးသူအရေးစဉ်ဆက်မပြတ်ဆောင်ရွက်ပေး ဟူ၍ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ဇီဝမျိုးကွဲများဆုံးရှုံးခြင်း၊ ကမ္ဘာ့မြေထုရေထုညစ်နွမ်းခြင်း တို့သည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုပြဿနာဖြစ်နေသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းများအနက် အစားအစာများ၊ အဝတ်အစားများကို လိုအပ်သည်ထက်ပိုမိုဖြုန်းတီးပစ်နေခြင်း၊ အီလက်ထရွန်းနစ် ပစ္စည်းများအရည်အသွေးညံ့စွာထုတ်လုပ်ပါက အချိန်မတိုင်မီပျက်စီးသဖြင့် စွန့်ပစ်ရသည့် e-waste များပြားခြင်းတို့ပါဝင်ပါသည်။ ထို့ကြောင့်စားသုံးမှုနှင့်ထုတ်လုပ်မှုပမာဏ မျှတစွာချင့်ချိန်၍ ကုန်နိုင်သည့် ပမာဏခန့်သာထုတ်လုပ်သုံးစွဲရေး၊ ရေရှည်တည်တံ့သောစားသုံးမှုပုံစံသို့ ပြောင်းလဲရန်အတွက် စားသုံးသူ များကိုယ်တိုင်က ရေရှည်အကျိုးထိခိုက်စေမျည့်အချက်များကိုသိရှိရပါမည်။ ထို့ကြောင့် စားသုံးသူများ ရွေးချယ်ဝယ်ယူမည့်ကုန်ပစ္စည်းအကြောင်းသိရှိနိုင်ရန် ထုတ်လုပ်သူများက ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံဖော်ပြပေးခြင်းဖြင့် စားသုံးသူများက ကုန်စည်များကို ရွေးချယ်တတ်ပြီး ရှေရှည်တည်တံ့သောစားသုံးမှုသို့ကူးပြောင်းခြင်းဖြင့်စားသုံးသူအရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင် “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဟူသည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာရှင်းလင်းဆွေးနွေးပွဲများကိုဆောင်ရွက်ခဲ့ပါသည်။

       ၂၀၂၁ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်မှာ “Tackling Plastic Pollution” ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်အစဉ်ရှေးရှု ဟူ၍ဖြစ်ပါသည်။ ပလပ်စတစ်ပစ္စည်းများသည် နေ့စဉ် ဘဝတွင် အလွန်အသုံးဝင်သောပစ္စည်းများဖြစ်နေပြီး ၎င်းတို့က နှစ်များစွာ ဆွေးမြေ့ပျက်စီးနိုင်ခြင်း မရှိသဖြင့် ဂေဟစနစ်ပျက်စီးပြီး လူတို့နေထိုင်ကျန်းမာရေးကို များစွာထိခိုက်လာနိုင်ကြောင်းမီးမောင်းထိုး ပြထားပါသည်။ ပလပ်စတစ်ညစ်ညမ်းမှုကို မူဝါဒချမှတ်တားဆီးမှုများ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနည်းလမ်း များကိုအစိုးရမှပံ့ပိုးပေးရန်၊ ထုတ်လုပ်သူများအနေနဲ့ ဈေးကွက်ချဲ့ထွင်မှုများကိုလျော့ချပြီး ပလပ်စတစ် အစားထိုးပစ္စည်းဆန်းသစ်တီထွင်မှုများဆောင်ရွက်ပေးရန်၊ စားသုံးသူများကိုယ်တိုင်က ပလပ်စတစ် ညစ်ညမ်းမှုအန္တရာယ်ကိုသိရှိနားလည်ပြီး အပြုအမူအပြောင်းအလဲများဖြင့် ဈေးကွက်ကိုဆန့်ကျင်ပုံသွင်း နိုင်စေရန် လိုလားချက်များကို ဆန္ဒရှိခဲ့ကြပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကိုဗစ်ကပ်ရောဂါ ကြောင့် အခမ်းအနားကျင်းပနိုင်ခြင်းမပြုခဲ့သော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ဝေသည့် Commerce စီးပွားရေးသတင်းဂျာနယ်တွင် “ Don’t be drastic, Say ‘no’ to plastic” “ပြင်းထန်သောအကျိုးသက်ရောက်မှုမရှိစေရန် ပလပ်စတစ်ကိုငါတို့ငြင်းဆန်” ဟူသည့် ဆောင်ပုဒ်ကို မကြာခဏအသိပေးဖော်ပြခြင်း၊ doca.gov.mm website တွင် အသိပညာပေးသတင်း ဆောင်းပါးလွှင့်တင်ခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။

    ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့မှာ ကမ္ဘာတစ်ဝန်းလုံးက အသိအမှတ်ပြုစေရေး အခွင့်အလမ်း တစ်ခုအဖြစ် အသုံးချကာ  စားသုံးသူအားလုံး၏ အခြေခံအခွင့်အရေးများကိုမြှင့်တင်နိုင်ပြီး အလေးထား ကာကွယ်ပံ့ပိုးပေးမှုများ တိုးတက်လာစေရန်ရည်ရွယ်ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။  ထို့ကြောင့် စားသုံး သူများ၏ အသိပညာဖြင့် နားလည်ဆောင်ရွက်မှု၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ဥပဒေလိုက်နာပူးပေါင်း ဆောင်ရွက်မှု၊ အစိုးရဌာနများ၏ ထိန်းကျောင်းဆောင်ရွက်မှုများဖြင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းသော၊ စိတ်ကျေနပ်မှုရရှိစေသော စားသုံးသူအကျိုးစီးပွားကို ရှေးရှုသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းနိုင်မည်ဖြစ်ပါကြောင်း ၂၀၂၂ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့်ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကိုဂရုပြုပါဝင်အားပေးနိုင်စေရန် ဂုဏ်ပြုတင်ပြလိုက်ပါသည်။

DOCA(စစ်ကိုင်း)