Reuters မှ အစီရင်ခံစာတစ်ခုအရ Tik Tok ၏ မိခင်ကုမ္ပဏီ ByteDance သည် အဆင့်မြင့် AI ပရိုဆက်ဆာကိုတီထွင်ရန် အမေရိကန်ဒီဇိုင်နာကုမ္ပဏီ Broadcom နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း ကောလဟလများထွက်ပေါ်လျက်ရှိသည်။
ဇွန်လ ၂၄ရက်နေ့တွင် ကုမ္ပဏီ(၂)ခုမှတီထွင်ထားသည့် 5nm Application-Specific Integrated Circuit (ASTC) သည် US ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းများနှင့်ကိုက်ညီပြီး TSMC မှ ထုတ်လုပ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။
၂၀၂၂ခုနှစ်တွင် ဝါရှင်တန်မှ အဆင့်မြင့် Chip ပို့ကုန်ထိန်းချုပ်မှုများကို စတင်လိုက်ကတည်းက တရုတ်နှင့်အမေရိကန်ကုမ္ပဏီများပူးပေါင်း၍ 5nm သို့မဟုတ် ထိုထက်မြင့်သော အဆင့်မြင့် Chip များဖွံ့ဖြိုးတိုးတက်အောင် အဆင့်မြှင့်တင်ထုတ်လုပ်ရေးနှင့်ပတ်သက်၍ လူအများအား သတင်းထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပေ။
တူညီသောအစီရင်ခံစာမှ ကိုးကားထားသောရင်းမြစ်များက ByteDance ၏ လက်ရှိလုပ်ဖော်ကိုင်ဖက် Broadcom နှင့်ပူးပေါင်းခြင်းသည် ဝယ်ယူရေးကုန်ကျစရိတ်များကိုလျှော့ချနိုင်ပြီး အဆင့်မြင့် Chip များ၏ တည်ငြိမ်သောထောက်ပံ့မှုကို သေချာစေနိုင်ကြောင်းဖော်ပြသည်။ သို့သော် TSMC သည် ဤ Chip အသစ်ကို ယခုနှစ်တွင် စတင်ထုတ်လုပ်မည်မဟုတ်ပေ။ အခြားသတင်းအရင်းအမြစ်များကိုကိုးကား၍ Reuters ၏အဆိုအရ ကုမ္ပဏီ(၂)ခုသည် ဒီဇိုင်းဆွဲခြင်းလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်နေပြီး ထုတ်လုပ်မှုအတွက် အဆင်သင့်ဖြစ်နေသည့်အဆင့်သို့ ရောက်ရှိနေပြီဟုလည်းသိရှိရပါသည်။
AI Chip များ၏ အရင်းအမြစ်ကို လုံခြုံစေခြင်းသည် ByteDance ၏ အယ်လ်ဂိုရသမ်များအတွက် အရေးကြီးကြောင်း၊ Tik Tok အပြင် ကုမ္ပဏီသည် Chat GPT နှင့်ဆင်တူသော Ai Chatbot ဝန်ဆောင်မှုဖြစ်သည့် Doubao အပါအဝင် လူကြိုက်များသော Application များစွာကို လုပ်ဆောင်လျက်ရှိကြောင်း ByteDance US ပိတ်ဆို့အရေးယူမှုမတိုင်မီ A 100၊ H 100၊ A 800 နှင့် H 800 အပါအဝင် သိသာထင်ရှားသော NVIDIA Chip အများအပြားကို သိုလှောင်ထားကြောင်း အစီရင်ခံစာက ထပ်လောင်းအကြံပြုထားသည်။
Reuters မှ နောက်ထပ်အစီရင်ခံစာတစ်ခုအရ US ၏ ပိတ်ဆို့အရေးယူမှုကို တုံ့ပြန်သည့်အနေဖြင့် တချို့သော AI Chip ထုတ်လုပ်သူများသည် TSMC ၏ ဝန်ဆောင်မှုများပြတ်တောက်ခြင်းမှရှောင်ရှားရန် ၎င်းတို့၏ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်သောပရိုဆက်ဆာများကို အဆင့်နှိမ့်ချထုတ်လုပ်ရန်ဆုံးဖြတ်ခဲ့ကြောင်းဖော်ပြခဲ့သည်။ အစီရင်ခံချက်အရ Metal X နှင့် EnFlame သည် US စည်းမျဉ်းများကိုလိုက်နာရန် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် အဆင့်နှိမ့်ချထားသော Chip ဒီဇိုင်းအစီအစဉ်များကိုအပ်နှင်းခဲ့သည်။ ဤထိပ်တန်းတရုတ် AI Chip ထုတ်လုပ်သူနှစ်ဦးသည် ၎င်းတို့၏ Chip များသည် စွမ်းဆောင်ရည်တွင် NVIDIA ၏ GPU များနှင့်ပြိုင်ဆိုင်နိုင်သည်ဟု ယခင်က အခိုင်အမာဆိုခဲ့သည်။
အဆင့်မြင့်ဆုံးမော်ဒယ် H20 အပါအဝင် တရုတ်ဈေးကွက်အတွက် အထူးထုတ်လုပ်ထားသော NVIDIA မှ အဆင့်နှိမ့်ချထားသော AI Chip များသည် ကနဦးဈေးကွက်တုန့်ပြန်မှုအားနည်းသည်ဟု သတင်းရရှိပါသည်။ များပြားလှသော ထောက်ပံ့မှုနှင့်အတင်းအကြပ်ဈေးနှုန်းလျှော့ချခြင်းတို့ကြောင့် လက်ရှိတွင် H20 သည်Huawei မှ ယှဉ်ပြိုင်သည့် Chip များထက် ဈေးသက်သာသည်ဟု သတင်းရရှိပါသည်။ Chip ကို တစ်ယူနစ်လျှင် ယွမ်၁၀၀၀၀ခန့်ဖြင့် ရောင်းချမည်ဟု သတင်းများထွက်ပေါ်နေပြီး Huawei 910B သည် တစ်ယူနစ်လျှင် ယွမ် ၁၂၀၀၀၀ကျော်ဖြင့် ရောင်းချမည်ဟုသိရသည်။
The Information ၏ ယခင်အစီရင်ခံစာတွင် Alibaba၊ Baidu၊ ByteDance နှင့် Tencent ကဲ့သို့သော အဓိကနည်းပညာကုမ္ပဏီများသည် NVIDIA ကဲ့သို့သော နိုင်ငံခြားလုပ် Chip များအပေါ်တွင် ၎င်းတို့၏ အသုံးစရိတ်ကိုလျှော့ချရန် ညွှန်ကြားထားကြောင်းဖော်ပြခဲ့သည်။
Source: Trend Force.com
DOCA(ရန်ကုန်)