ဓါတ်မြေဩဇာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းနှင့် အသိပညာပေးဟောပြော ပွဲပြုလုပ်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်၊ နတ်မောက်လမ်း၊ Good Brothers (Chemical) Co.,Ltd အရောင်းပြခန်း၌ (၉.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်တွင် ဓါတ်မြေဩဇာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချခြင်းနှင့် တောင်သူများအား အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးက ဌာနအနေဖြင့် ဈေးနှုန်းဈေးကွက်များ ကောက်ခံ ပြီး ရုံးချုပ်သို့တင်ပြရကြောင်း၊ ဆန်နဲ့ပတ်သက်ပြီး စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် (MRF)မှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန် ဆောင်ရွက်ပေးရကြောင်း၊ စပါး၊ ဆန်တွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေ ရည်ညွှန်းဈေး သတ်မှတ်သလို စိုက်ပျိုးရေးသွင်းအားစုဖြစ်သည့် ဓါတ်မြေဩဇာကိုလည်း ရည်ညွှန်းဈေးဖြင့် ရောင်းချဖို့ ထုတ်ပြန်ထားရှိသည့်အတွက် ရည်ညွှန်းဈေးအတိုင်းလိုက်နာရောင်းချမည်ဆိုပါက တဖြေး ဖြေးသွင်းအားစု စရိတ်များလျော့ချနိုင်ပြီး စပါးနှင့်ဆန်ဈေးနှုန်းများကိုလည်း ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်မည် ဖြစ်ပါကြောင်း၊ ဓါတ်မြေဩဇာများကို ရည်ညွှန်းဈေးအတိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် ကုမ္ပဏီဘက် ကလည်း တောင်သူတွေကို ပွင့်လင်းမြင်သာစွာချပြနိုင်ဖို့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့တွေကို ဖိတ်ကြားပြီး အသိပညာပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  ဆက်လက်၍  မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးဟန်ညွှန့်က အသိပညာပေးမျှဝေရာတွင် စိုက်ပျိုးရေး သည် နိုင်ငံတော်အတွက်အဓိကကျသောကြောင့် စိုက်ပျိုးရေးတွင် သွင်းအားစု စရိတ်တွေ လျော့နည်း လာပြီး အထွက်နှုန်းများကောင်းလာမည်ဆိုလျှင် စီးပွားရေးမှာ ဦးမော့လာနိုင်မည်ဖြစ်ကြောင်း၊  မကွေးတိုင်းဒေသကြီးသည် အပူပိုင်းဇုန်တွင်တည်ရှိပြီး စိုက်ပျိုးမြေများမှာလည်း အာဟာရဓါတ် လိုအပ်နေမှုများစွာရှိကြောင်း၊ ထို့ကြောင့် သဘာဝမြေဩဇာများကိုအသုံးပြုရသလို ဓါတ်မြေဩဇာများကိုလည်း အသုံးပြုရပါကြောင်း၊ ဓါတ်မြေဩဇာများ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချမည်ဆိုလျှင် သွင်းအားစုစရိတ်များ၊ ထုတ်လုပ်သည့် ကုန်ကျစရိတ်များ လျော့နည်းလာပြီး တောင်သူများအတွက်လည်း အကျိုးရှိမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး Good Brothers (Chemical) Co.,Ltd မှ ဦးစိုးလှိုင်ကလည်း အခမ်းအနားနှင့်ပတ်သက်၍ ၎င်းတို့ကုမ္ပဏီအနေဖြင့် ဓါတ်မြေဩဇာမျိုး(၂၀)ကျော်ကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ယခင်အချိန်များကတည်းက ဈေးကွက်အတွင်းတွင် ဓါတ်မြေဩဇာဈေးနှုန်းများကိုတတ်နိုင်သမျှ ဈေးလျော့ရောင်းချပေးခဲ့ကြောင်း၊ ယခုဈေးကွက်ထဲတွင်လည်း နိုင်ငံတော်မှသတ်မှတ်ပေးထားသော ရည်ညွှန်းဈေးများဖြစ်သည့်  NPK(၁၅:၁၅:၁၅) (၁) အိတ်လျှင် ကျပ်(၁၁၇၀၀၀)၊ ယူရီယားအလုံးကြီး (၄၆%) (၁)အိတ်လျှင် ကျပ်(၇၅၀၀၀)ဈေးနှုန်းများဖြင့် Good Brothers (Chemical) Co.,Ltd တွင် ရောင်းချလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တောင်သူ(၇၀)ဦးမှ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက်(၁၀:၁၅)အချိန် တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)