![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ထကသ.jpg?itok=KOCJ1oiP)
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ် ပတ်ချာလည်များတွင် စိုက်ပျိုးကြပြီး ငှက်ပျောတစ်ပင်နှင့် တစ်ပင်ကြား(၁၀)ပေခန့် ခြား၍ စိုက်ပျိုးရပါသည်။ ငှက်ပျောပင်သည် စတင်စိုက်ပျိုးချိန်မှ (၆)လအကြာ တွင် အဖူးများငှက်ပျောသီးအဖီးများ စတင်ထွက်ရှိပါသည်။ အဖူးများငှက်ပျောသီးအဖီးများ စတင် ထွက်ရှိ ပြီး (၆)လကြာမှသာ ရင့်မှည့်သော ငှက်ပျောသီးအဆင့်သို့ရောက်ရှိလာခြင်းဖြစ်ပါသည်။ ငှက်ပျောစိုက်ပျိုးသည့် အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျောနှင့်ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။
ငှက်ပျောပင်သည် ပင်စည်မှအစ အရွက်အဆုံး အကုန်ရောင်းစားရသော အပင်တစ်မျိုးလည်း ဖြစ်ပါသည်။ ငှက်ပျောပင်မှ ငှက်ပျောဖက်ရွက်ကို ကောက်ညှင်းထုတ်၊ မုန့်ဖက်ထုတ်၊ ငှက်ပျောထုတ်၊ မုန့်ဦးနှောက် နှင့် မုန့်နီထုတ်များ ထုတ်ရန်အတွက် ငှက်ပျောဖက်ကို အလိပ် အခေါက်များ လုပ်ပြီး ရောင်းစားနိုင်သလို၊ ငှက်ပျောအပင်ပွားများ၏ ပင်စည်ကိုလည်း ခုတ်ပြီး မုန့်ဟင်းခါးချက်ရန်အတွက် ငှက်ပျောအူအဖြစ်လည်း ရောင်းရကြောင်း၊ ငှက်ပျောဖူးမှ အဖီးများဆုံးသည့် ငှက်ပျောဖူးများကိုလည်း ချက်စား၊ သုပ်စား၊ ဟင်းပေါင်းစားရန်အတွက် ရောင်းရပါသည်။ နောက်ဆုံး ငှက်ပျောသီးကိုတော့ ကိုယ်ခံအားအတွက် အားဆေးတစ်ပါးအတွက် စားသုံးသလို အစာပိတ်အချိုတည်းခြင်း အဖြစ်လည်း စားသုံးကြသည့်အတွက် ငှက်ပျောသီးဟာလည်းရောင်းအားကောင်းလျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ ယခု ဇူလိုင်လ ၌ ငှက်ပျောသီး ဈေးနှုန်းအနေဖြင့် ဖီးကြမ်း ငှက်ပျောတစ်ဖီးလျှင် အဖီးလှ/မလှပေါ်မူတည်၍(၂၀၀၀/၂၅၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး)ငှက်ပျောအဖီး လှ/မလှပေါ်မူတည် ၍(၂၅၀၀/၃၀၀၀)ကျပ်၊ ကသည်းငှက်ပျော(ခေါ်) ရခိုင်ငှက်ပျောသီး လှ/မလှ ပေါ်မူတည်၍ တစ်ဖီးလျှင် (၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော တစ်ဖီးလျှင်(၁၅၀၀/၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိပြီး ရာသီမရွေးစိုက်ပျိုးရောင်းချရသည့် နှစ်ရှည်သီးနှံပင် ဖြစ်သည့်အတွက် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(စစ်ကိုင်း)