ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel သည် ဇူလိုင်လ ပထမသီတင်းပတ်ကုန်ရက်များတွင် ဗီယက်နမ်နိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဖိလစ်ပိုင်၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပြီး ဗီယက်နမ်၏ အဓိက ဆန်စပါးထွက်ရှိရာ ဒေသများထဲမှ တစ်ခုဖြစ်သည့် မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသရှိ An Giang ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း အဆိုပါပြည်နယ် ပြည်သူ့ ကော်မတီက ၈-၇-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်သည် ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်သည် မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်၏ ဆန်ဝယ်ယူမှုအများဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ယခုနှစ် ပထမငါးလအတွင်း ဗီယက်နမ်၏ စုစုပေါင်း ဆန်တင်ပို့မှုတွင် ဖိလစ်ပိုင်သို့ တင်ပို့မှုမှာ ၄၅.၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေသည် နှစ်စဉ် ၁.၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိသောကြောင့် ဆန်ဝယ်လိုအား မြင့်တက်မှုကိုဖြစ်ပေါ်စေပြီး ပြည်တွင်းထုတ်လုပ်မှ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသဖြင့် ဆန်တိုးမြှင့်တင်သွင်းရန် လိုအပ်ခြင်းဖြစ်ကြောင်း အဆိုပါခရီးစဉ်အတွင်း ဗီယက်နမ်အာဏာပိုင်များနှင့် တွေ့ဆုံစဉ် Mr. Laurel က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်များအရ သိရပါသည်။
ဗီယက်နမ်ဆန်ကုမ္ပဏီများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရေးကို စဉ်းစားစေလိုကြောင်းဖြင့် Mr. Laurel က ပြောဆိုခဲ့သည်။ ယခုနှစ် ဇန်နဝါရီလအတွင်း သမ္မတ Ferdinand Marcos Jr. ၏ ဟနွိုင်းမြို့သို့ သွားရောက်ခဲ့သော နိုင်ငံတော်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် ဆန်ကုန်သွယ်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူညီချက်များ ပြုလုပ်ထားကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ငွေကြေးဖောင်းပွမှု ဖိအားများကို စီမံခန့်ခွဲရန်အတွက် ဆန်တင်သွင်းမှုအပေါ် စည်းကြပ်သော အကောက်ခွန်ကို ၃၅ ရာခိုင် နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ မကြာသေးမီက လျှော့ချခဲ့ကြောင်း သိရပါသည်။
Source: Reuters, 8 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)