![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/16.6_5.jpg?itok=5gpRNlRO)
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ပြည်နယ်ဦးစီးမှူး ဦးဆောင်သော အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့ ၊ စနေနေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မြို့တွင် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ပါ သည်။ ဆွေးနွေးဟောပြောပွဲတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များဖြစ်ကြသော အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့မှလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ပထမဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းအကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သော စားသုံးသူများရရှိနိုင်သည့် အခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ရပ်ကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် ကုန်စည်၏ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ စိစစ်ရွေး ချယ်ဝယ်ယူ ရန်လိုအပ်ကြောင်း၊ စားသုံးသူ ထိခိုက်နစ်နာမှုများရှိပါက သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းနှင့် Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါသည်။ဟောပြောပွဲသို့ တက်ရောက်လာသူ သင်တန်းသား/သူများ၏ မေးမြန်းဆွေးနွေး မှုများအပေါ် ပြည်နယ်ဦးစီးမှုး ဦးရွှေဖြူက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ပါသည်။
ထို့ပြင် ပြည်နယ်ဦးစီးမှုး ဦးရွှေဖြူက စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်ခဲ့ပါသည်။အဆိုပါ ဆွေးနွေးပွဲသို့ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ( ၁၈၂)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးဟောပြောပွဲကို နေ့လယ်(၁၂:၁၅) နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)