“ခရမ်းချဉ်စိုက်ပျိုး ဝင်ငွေတိုးဖို့မျှော်မှန်း ”

Powered by Drupal

        မိတ္ထီလာကုန်စိမ်းဈေးကွက်တွင်ခရမ်းချဉ်သီးဈေးမှာဈေးကောင်းရနေကြောင်း သိရသည်။ ဈေကွက်၌ ခရမ်းချဉ်မှာ ဒေသထွက် ဗမာခရမ်းချဉ်၊ အင်းသီး၊ ထိုင်ဝမ်သီးဟူ၍ ရောင်းချကြပြီး ယခုနောက်ပိုင်းဒေသတွင်၌ ဗမာခရမ်းချဉ်မျိုးအပြင် နိုင်ငံခြားမျိုးများကိုလည်း စိုက်ပျိုးလာကြကြောင်းသိရသည်။

          မိတ္ထီလာမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာရှိ ခရမ်းချဉ်စိုက်တောင်သူတစ်ဦးနှင့် တွေ့ဆုံ၍ ခရမ်းချဉ်သီး စိုက်ပျိုးမှုအခြေအနေကို မေးမြန်းရာ ခရမ်းချဉ်မျိုး ထိုင်းနိုင်ငံ Sungenta ကုမ္ပဏီမှ တင်သွင်းသည့် (တစ်သုံးလုံး) (111) တံဆိပ်မှာ မျိုစေ့ (၅၀၀၀) ပါဝင်ပြီး (၁၅၀၀၀၀) ကျပ်ပေးရကြောင်း၊ ၎င်းမှာ အပင်ပေါက်နှုင်း (၉၀ %) ရှိကြောင်း သိရပါသည်။ စိုက်ပျိုးရာတွင် ပထမဦးစွာ ပျိုးအိတ်ဖြင့် ပျိုး ထောင်ပြီးမှ အပင်ငယ်ကို ရွေ့ပြောင်းစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသည်မှ ထွက်ရှိသည့်အထိ အဆင့်ဆင့် ကုန်ကျစရိတ်များမှာ ပျိုးအိတ် (၅၀၀၀) အတွက် (၂၀၀၀၀) ကျပ်၊ ပျိုးထောင်လုပ်သား (မ) လေးဦး အတွက် တစ်ရက်လုပ်အားခ (၈၀၀၀) ကျပ်ဖြင့် (၃၂၀၀၀) ကျပ်၊ ထယ်ထွန်ခမှာ နွားရှဉ်း (၁) ရှဉ်းလျှင် (၂၀၀၀၀) ကျပ်ဖြင့် (၈၀၀၀၀) ကျပ်၊ အမှိုက်ကောက်ခြင်း၊ အပင်စိုက်ခြင်းတို့အတွက် ကျား/မ လုပ်သားခ စုစုပေါင်းမှာ (၁၅၀၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း၊ မြေဩဇာအနေနှင့် အပင်(၄၀၀၀) စိုက်ခင်း မြေ (၀.၅) ဧကအတွက် ပုလဲ (၈၅၀၀၀) ကျပ်၊ အမြစ်အားဆေး (၁၅၀၀၀) ကျပ်၊ အပင်ဖြစ်ထွန်းလာပြီး နောက် အပင် (၄၀၀၀) အတွက် တိုင်ဝါး (၂၀၀၀) လုံးကို ဝါးတစ်လုံး (၁၅၀) ကျပ်နှုန်းဖြင့် (၃၀၀၀၀၀) ကျပ်၊ ကြိုး (ချည်ကြိုး) သုံးပိဿာအတွက် (၁၀၅၀၀) ကျပ်၊ ရေတင်ဆီမှာ တစ်ကြိမ်လျှင် (၁၀၀၀၀) ကျပ်၊ ပေါင်းသင်ခြင်း ခူးဆွတ်ခြင်းများ အပါအဝင် (၀.၅) ဧက (အပင် ၄၀၀၀) အတွက် (၁၅) သိန်း ဝန်းကျင်ကုန်ကျကြေင်းသိရပါသည်။ ခရမ်းချဉ်သီးပင်မှာ ပျိုးသက် (၂၅) ရက်ကြာမြင့်ပြီး အပင်သက် (၇၀) ကျော်လျှင် ခူးဆွတ်နိုင်ရာ တစ်ပင်လျှင် (၂) ပိဿာနှုန်းဖြင့် ပိဿာ (၈၀၀၀) ဝန်းကျင် ထွက်ရှိ ကြောင်း သိရပါသည်။ ၎င်းခရမ်းချဉ်စိုက်တောင်သူအနေနှင့် ခရမ်းချဉ်သီ တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ဖြင့် ရောင်းချရမည်ဆိုလျှင်ပင် အကျိုးအမြတ်များမည်ဟု မျှော်မှန်းထားကြောင်း တောင်သူမှ ပြောကြား ခဲ့ပါသည်။ မိတ္ထီလာဈေးကွက်၌ ခရမ်းချဉ်လက်လီ (၁) ပိဿာလျှင် (၃၀၀၀-၄၀၀၀) ကျပ် ရှိကြောင်း ဈေးကွက်မှသိရပါသည်။      

DOCA(မန္တလေး)