ကြောင်ပန်းပင်စိုက်ပျိုးမှုကြောင့် အပိုဝင်ငွေရရှိလာ

Powered by Drupal

         ယခင်နှစ်တွင် ကြောင်ပန်းစေ့ဈေးနှုန်းများကောင်းခဲ့သဖြင့် ငါန်းဇွန်မြို့နယ်၊ သရက္ကန် အုပ်စုရှိ ဒေသခံရွာသူ၊ ရွာသားများသည် တပိုင်တနိုင်ကြောင်ပန်းပင်များစိုက်ပျိုးခဲ့ကြပါသည်။ ဒေသခံများသည် ချောင်းရိုးတစ်လျှောက် မိမိတို့ယာမြေများတွင်လည်းကောင်း၊ အိမ်ဝိုင်း အတွင်း နေရာလွတ်များတွင်လည်းကောင်း စိုက်ပျိုးခဲ့ကြပါသည်။ ကြောင်ပန်းသီးများမှာ မေလမှစ၍ထွက်ပေါ် လျက်ရှိပြီး ယခုနှစ်အဖွင့်ဈေးမှာ အခြောက်တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ် ဝန်းကျင်းသာ ရှိခဲ့ပြီး ဇွန်လ ဒုတိယပတ်ခန့်မှစ၍ တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း နှင့် ယခုဇူလိုင်လဒုတိယပတ်တွင် (၃၃၀၀၀)ကျပ်ထိ တဖြည်းဖြည်း တက်လာကြောင်း ဒေသခံကြောင်ပန်းပင်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။ ယခင်နှစ် ကြောင်ပန်းသီးပေါ်ချိန်တွင် အဖွင့်ဈေးအနေဖြင့် တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်ဝန်းကျင်ရှိခဲ့ပြီး အမြင့်ဆုံး (၄၀၀၀၀)ကျပ် ကျော် ထိ ရရှိခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် ပြည်ပသို့တင်ပို့ရန် လမ်းကြောင်းအခက်အခဲများ ကြောင့် ဈေးနှုန်းများကျဆင်းရခြင်းဖြစ်နိုင်ကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် ဒေသခံရွာသူရွာ သားများ တနိုင်တပိုင်စိုက်ပျိုးခဲ့သော ကြောင်ပန်းပင်များမှာ အသီးများစတင်ထွက်ပေါ်လျှက်ရှိ၍ မီးဖိုချောင်စရိတ်ရရှိလျက်ရှိပါသည်။ နောင်နှစ်များတွင် အထွက်နှုန်းများ ပိုမိုထွက်ရှိလာမှာဖြစ်ပြီး ဈေးနှုန်းများလည်းကောင်းပါက မိသားစုအပိုဝင်ငွေ များ ရရှိလာမှာဖြစ်ပါသည်။ ဈေးကွက်အနေဖြင့် မန္တလေးမြို့သို့တင်ပို့ရောင်းချကြပြီး တစ်တင်းခွဲဝင်တစ်အိတ်လျှင်ကားခ(၂၅၀၀) ကျပ်ဝန်းကျင်ခန့် ကျသင့်ကြောင်း သိရပါသည်။ ကြောင်ပန်းသီးများမှာ ဇွန်လနှင့် ဇူလိုင်လများတွင် အထွက်နှုန်းများ ကြောင်းနှင့် ကိုင်းဖြတ်၍ ပျိုးထောင်စိုက်ပျိုးနိုင်သော အပင်မျိုးဖြစ်ပါသည်။ ကြောင်ပန်းစေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပြီး ဆေးဝါးနှင့်အလှကုန်ပစ္စည်းများထုတ်လုပ်ကြောင်းနှင့် မိမိတို့နိုင်ငံအတွင်း ဒေသအသီးသီး၌လည်း ကျန်းမာရေးနှင့်ပတ်သက်၍ သုံးစွဲမှုများရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)