ပေါင်မြို့နယ်တွင် ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွေ့လျားစနစ်ဖြင့် ဆန်ရောင်းချခြင်း

Powered by Drupal

      ပေါင်မြို့နယ်တွင် ဆန်ဈေးတည်ငြိမ်ကျဆင်းစေရေး အစီအစဉ်တစ်ခုအနေဖြင့် ဆန်ကုန်သည်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ရွေ့လျားစနစ်ဖြင့် ဆန်များအား ရပ်ကွက်/ကျေးရွာများအလိုက် အလှည့်ကျရောင်းချပေးပြီး ဆန်ဈေးများမှာလည်း တည်ငြိမ်လျက်ရှိသည်ကိုသိရှိရပါသည်။

         ပေါင်မြို့မဈေး၌ အချိန်ပိုင်းဖြင့် အပတ်စဉ်ရောင်းချပေးပြီး ထိုမှ ရပ်ကွက်/ကျေးရွာများရှိ ဈေးများသို့လည်း လိုက်လံရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။ ဒေသတွင်း၌ ဆန်ဈေးအခြေအနေတူညီမှုမရှိဘဲ ဇင်းကျိုက်မြို့တွင် ဧည့်မထတစ်ပြည်လျှင် (၃၅၀၀) ကျပ်၊ ကမာကြည်တစ်ပြည်လျှင် (၄၇၀၀) ကျပ်၊ ပေါ်ဆန်းတစ်ပြည်လျှင် (၆၀၀၀) ကျပ်မှ (၇၀၀၀) ကျပ်ဖြင့် ဈေးအတွင်းရှိ ဆန်ဆိုင်များတွင် လက်လီရောင်းချနေသည်ကိုတွေ့ရသည်။

        နတ်ကြီးချောင်ကျေးရွာတွင် ဆန်ကုန်သည်အသင်းနှင့် ဆန်စက်ပိုင်ရှင်အသင်းတို့က (၁၅-၇-၂၀၂၄) ရက်နေ့တွင် ပေါ်ဆန်း (၁၀) အိတ်၊ ဧည့်မထ (၄၀) အိတ်၊ စုစုပေါင်း (၅၀) အိတ်တို့ကို အိမ်ထောင်စု (၅၀၀) ကျော်တို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။ အဆင့်မြင့်ဆန်နှင့်ပတ်သက်၍ ဈေးအခြေအနေအား စုံစမ်းမေးမြန်းရာတွင် ရွှေဘိုသိင်္ဂီတံဆိပ် ပေါ်ဆန်း (၆) ပြည်ပါတစ်အိတ်လျှင် (၃၇၀၀၀) ကျပ်၊ ရွှေပုလဲတံဆိပ် ပေါ်ဆန်း ပေါင်၁၀၀ (၂တင်း)အိတ်တစ်အိတ်လျှင် (၁၃၀၀၀၀)၊ ဧည့်မထ  ၁၀၈ပေါင်ပါအိတ်တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရသည်။

        မြန်မာနိုင်ငံတွင် မွန်ပြည်နယ်သည် ဆန်စပါးဒုတိယအထွက်ဆုံးဒေသဖြစ်သော်လည်း ဧည့်မထဆန်စားသုံးမှုနည်းပါးပြီး ပေါ်ဆန်းနှင့်အခြားဆန်ပျော့အုပ်စုကို အများအားဖြင့် စားသုံးနေသောကြောင့် စိုက်ဧကနှင့် ဆန်ပျော့ထွက်ရှိမှုအခြေအနေအရ ဒေသတွင်းဖူလုံမှုမရှိဘဲ ရန်ကုန်မှတစ်ဆင့် ဆန်ပျော့အုပ်စုကို မှာယူတင်သွင်းနေရဆဲဖြစ်ကြောင်း ဆန်ကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မွန်)